ပြီးပြည့်စုံအောင် ဇောင်ပိုင်ပျင်
အားနှုန်းစော်က ပြီးပြည့်စုံပါရေဝေ သူငယ်ချင်း
ကီရောက် (Kerouac a Beatnik)
ဆကေ အိပ်။
အကြံအဉာဏ်မပီးကေ့။
နင့်သွားနန့် သွားဖုံးတိကို ဂရုစိုက်။
နင်ထိန်းနိုင်ဆီထက် ကျော်နီစော် တခုကိုလေ့ မကြောက်ကေ့။ဥပမာ နင်အိပ်နီစိုင် အဆောက်အဦပြိုလားလိမေ နင်ချစ်တေ တယောက်ယောက် ရုတ်တရက် သီကျလားလိမေလို့ မကြောက်ကေ့။
မိုးထတိုင်း လိမ္မော်သီး တလုံးစီစား။
ခင်ခင်မင်မင်နီ၊ယင်းချင့်က နင့်ကို ပျော်အောင် ကူပီးလိမေ။
နင်ခြီရေ ဇာချင့်ကို မဆိုလုပ်ပနာ တပတ်မှာ ၄ ၅ ခါလောက် မီနိ ၂၀ဆက်တိုက် တမိနီမှာ နှလုံးခုန်နှုန်းအချက် ၁၂၀ထိတက်အောင်ပျင်။
အားလုံးကို ဖြစ်စီချင်ရေလို့ မျှော်လင့်၊ တခုကိုလေ့ ဖြစ်လီဖို့လို့ မမျှော်လင့်ကေ့။
အိမ်နန့်နီးစပ်စော်တိကို အယင်ဂရုစိုက်။ ကမ္ဘာကို မကယ်ခင် နင့်အခန်းကို အယင်ပျင်၊ ပြီးမှ ကမ္ဘာကိုကယ်။
ပြီးပြည့်စုံချင်ရေ ဆန္ဒစော် အရာဆန္ဒတခုကို ပုဝါကွယ်ပနာ ဖော်ပြစော်လေ့ ဖြစ်နိုင်ရေဆိုစော်ကို သိထား၊ အချစ်ခံချင်စော် ဖြစ်ချင်ဖြစ်ဖို့ မသီချင်စော် ဖြစ်ချင်ဖြစ်ဖို့။
အပင်တပင်နန့် မျက်လုံချင်းဆုံကြည့်။
အယူအဆအားလုံးကို သံသယထား၊ ယေလေ့ အယူအဆတခုစီမှာဟိရေ တချို့ တန်ဖိုးတိကို မြင်အောင်ကြိုးစား။
နင်နန့် နင့်အနားက လူတိကို စိတ်ကျေနပ်အောင် ပျင်နိုင်ရေနည်းနန့် ဝတ်စား။
စကားကို အယင်မပြောကေ့။
နိတိုင်းတခုခုသင်။
ဆိုးဆိုရွားရွားပြုမူဖို့ သူရို့အခွင့်အလမ်းမရခင် လူတိကို ရည်မွန်ပါ။
တခုအတွက်လေ့ တပတ်ထက်ပိုလို့ ဒေါသမထွက်လီကေ့၊ ယေလေ့ မင်းကို ဒေါသထွက်အောင်လုပ်ခစော်ကိုတော့ခါ မမိလီကေ့၊ နင့်ဒေါသကို လက်တကမ်းအလိုမှာထား၊ ဒေါသကို ဂလီလုံးပိုင်ကြည့်၊ ပြီးကေ နင့်စုထားရေ ဂလီတိနန့် တတူထားလိုက်။
သစ္စာဟိပါ။
သက်သောင့်သက်သာကျရေ ဖိနပ်ကိုစီးပါ။
စိတ်ကျေနပ်ဖို့ကောင်းရေ မျှခြီနန့် အမယ်စုံပုံပေါက်အောင် နင့် အလုပ်တိကို ဒီဇိုင်းဆွဲ။
တောက်ချီးကျဖို့ကောင်းကေလေ့ အသက်ကြီးတိကို ကြင်နာပါ။နင် အသက်ကြီးလာခါ အငယ်တိကို ကြင်နာပါ။သူရို့က နင့်ကို ဖိုးဖို လို့ခေါ်ခါ သူရို့ကို ကြိမ်တုတ်နန့် မပစ်ပါကေ့။သူရို့က နင့် မြီးတိလေဝေး။
တိရစ္ဆာန် တကောင်နန့် နီပါ။
လူအုပ်ကြီးတိနန့် ကောင်းကောင်း အချိန်မဖြုန်းပါကေ့။
နင်အကူအညီ လိုကေ တောင်းပါ။
သဘာဝကျကျဖြစ်လီအောင်ထိ ကိုယ်ဟန်ကောင်းကို ပျိုးထောင်ပါ။
တယောက်ယောက်က နင့်အချေကို သီအောင်သတ်ကေ သေနတ်တလက်ကို ယူပနာ သူ့ခေါင်းကိုပွင့်ပါလားအောင် ပစ်ပလိုက်ပါ။
တခါလေ့ ပရုန်းနရုန်းမလုပ်ရလီအောင် နင့်ရက်တာကို အစီစဥ်ဆွဲပါ။
သူရို့ကို နင်က ဖေ့ချာပီးထားစော်ဆိုကေတောင်၊ နင်မလိုချင်ရေ မျက်နှာသာပီးစော်တိကို သူရို့က လုပ်ကတ်တေဆိုတောင် နင့် အတွက်လုပ်ပီးရေလူတိကို နင်ခြီကြောင်းကိုပြ။
လိုနီရေလူတိကို နင်ပီးလို့ရရေ ဖေ့ချာတိကို မဖြုန်းပစ်ကေ့။
လူ့အသိုင်းအဝိုင်းက မပြည့်စုံဆိုစော်ကို မျှော်လင့်ထား။ပြီးကေ နင် ထင်ထားစော်ထက် ပိုလို့ပင် မပြည့်စုံ လို့ သိရခါ ကျွီးလို့ငို။
တခုခုကို နင် ငှားခကေ ပြန်အပ်တေအခါ ပိုကောင်းရေအနအထားနန့် အပ်။
ဖြစ်နိုင်သမျှ ပလက်စတိရို့ သတ္တုရို့အစား သစ်ပစ္စည်းတိကိုရာသုံး။
ထိုအထက်က ယင်းငှက်ကို ကြည့်။
ထမင်းစားပြီးကေ လောင်ပွန်းဟင်းစားဆီး။
စိတ်ကိုလျှော့။
နိုင်ငံခြားတိုင်းပြည်တိကို လည်ဖို့လား။နင့်ကို သတ်ချင်ရေ ဆန္ဒကို ပြနီကတ်တေ နိုင်ငံသားတိဟိရေ တိုင်းပြည်တိက လွဲကေပါ့။
နင့်အချေတိက နင့်ကို ချစ်ကတ်ရဖို့လို့ မမျှော်လင့်ကေ့။သူရို့ ချင်ကေ ချစ်ကတ်လိမေ။
တရားထိုင်။ပြီးကေ ကြိုက်ကေ အရာဆက်တိုး။ အပြင်မှာ(အတွင်းမှာ) ဇာဟိလေ။
ရက်ပြတ်ရက်ပြတ် တေးခြင်းဆို။
အချိန်မှန်ပါစီ၊ နောက်ကျခကေလေ့ ခရေစိတွင်းကျ ဆင်ခြီဆင်လက်အရှည်ကြီးတိ ပီးမနီကေ့။
ကိုယ့်ဖို့ကိုယ် ကောင်းမဝေဖန်ကေ့၊ ကိုယ့်ဖို့ကိုယ် ကောင်းဂုဏ်မတင်ကေ့။
တိုးတက်မှုဟိရေလို့ မထင်ကေ့။မဟိ။
အထက်ထပ်ကိုတက်။
ပေါရိသာဒအကျင့် မကျင့်ကေ့။
နင်မြင်ချင်စော်တိ ဖြစ်တေလို့ စိတ်ကူး ၊ယေပြီးကေ ယင်းချင့်မဖြစ်နိုင်အောင် ပျင်ဖို့စော် တခုကိုလေ့ မလုပ်လီကေ့။
တပတ်မှာ အနည်းဆုံး နှစ်ခါလောက် နင့်ဖုန်းလက်ကိုင်ကို ဘေးချထား။
နင့်ပြတင်းပေါက်တိကို သန့်သန့်ယှင်းယှင်းထား။
ပုဂ္ဂလိက ရည်မှန်းချက်ကြီးခြင်း၏ သဲလွန်စတိကို အစိုင်ဖြတ်ဖျက်ပလိုက်။
အစိုင်ဖြတ်ဖျက်တေဆိုရေ စကားလုံးကို ရက်ပြတ်မသုံးကေ့။
နင့်တိုင်းပြည်ကို တနားနီကေ တခါစီ ခွင့်လွတ်ပီး။ခွင့်လွတ်ပီးဖို့ မဖြစ်နိုင်ကေ အရာတပြည်ကိုရာလား။
ညောင်းလာကေ နား။
တခုခု စိုက်။
“ငါရို့အားလုံး သီကတ်ဖို့ဗျာလ်”လို့ တပြတ်ပြတ်မြည်ပနာ မီးရထားဘူတာတိမှာ လျှောက်လားမနီကေ့။
နင့်သူငယ်ချင်းတိထဲက ဘဝအဆင့်ဆင့်မှာဟိနီကတ်တေ လူတိကိုရွီ။
မွှားရရေ အရသာ၊ နင့်နောက်ကုန်းထက်မှာ ရီနွီးစီးလားရေ အရသာ၊လီညှင်း အီးအီးချေတသုပ်အရသာ၊ အိပ်မောကျရရေ အရသာမျိုးတိပိုင် အရသာရိုးရိုးချေတိကို တန်ဖိုးထား။
“နည်းပညာအစွမ်း အံ့မခန်း” လို့ အံ့အားကြီးသင့် မအော်လီကေ့။
နင့်ကြွက်သားတိကို ဇာပိုင်ဆန့်ရဖို့လဲသင်၊နိတိုင်း ဆန့်ပီး။
အိုလာလီဖို့အကြောင်းကို စိတ်ဓါတ်မကျကေ့၊ ပိုလို့အိုလာပိုင် ခံစားရလိမေ။ ယင်ချင့်က စိတ်ဓါတ်ကျဖို့ကောင်းရေ။
တချိန်မှာ တခုရာလုပ်။
နင့် လက်ညိုး မီးလောင်မိလားခကေ ရီထဲမှာ ချက်ချင်းနစ်ပစ်လိုက်။ နင့်လက်ညိုးကို မာတူနန့်ထုမိကေ နင့်လက်ကို လီထဲမှာ မီနိ၂၀ထောင်ထား။ အအီးဓါတ်နန့် မြီဆွဲအား၏ ပျောက်ကင်းအောင်ကုသနိုင်စွမ်းကို နင် အံ့ဩကြီးကျပါလားလိမေ။
နားကွဲပါအောင်ထိ အသံကျယ်အောင် ဇာပိုင် လီချွန်ရဖို့လဲကို သင်။
ပြသနာကြီးတခုမှာ တည်ငြိမ်အောင်နီ။ အနီအထားက ပိုလို့ အရေးကြီးလာလီ နင်က ပိုလို့ တည်ငြိမ်သင့်လီဗျာလ်။
လိင်မှုကို ခြီ၊ ယကေလေ့ ကောင်းကောင်းတော့ခါ အစွဲအလမ်းမထားကေ့။အပျိုပေါက်ချိန်၊ငယ်ရေအချိန်၊သက်လတ်ပိုင်းနန့် အသက်ြကီးချိန်က ကာလတိုချေတိက လွဲလို့ပါ့။
အာနှုန်းမှာ ဆန့်ကျင်ဖက်တိကို စိစိနှံနှံ စဥ်းစား။
သမုဒ္ဒရာထဲမှာ ကောင်းအဝီးကြီးကို နင်ကူးလာမိဗျာလ်ဆိုပနာ ကြောက်စိတ်ဝင်ပါလတ်ကေ ပြန်လှည့် အသက်ကယ်ဘုတ်ဘားကို ပြန်လား။
နင့်အချေဆန်ရေ အတ္တကို အသက်ဝင်အောင် ထိန်းထား။
စာတိကို ချက်ချင်းပြန်။ ဆွဲဆောင်မှုဟိရေ တံဆိပ်ခေါင်းတိကို သုံး။လီဆင်နှမောင်းပုံပါရေ တံဆိပ်ခေါင်းပိုင်မျိုး။
တနားနီကေ တခါစီ ငို။ယေလေ့ လုံးချင်းထဲဟိခါမှ ပျင်။ပြီးကေ မျှလောက်ထိ နင် ပိုသက်သာလားလေကို တန်ဖိုးထား။ပိုသက်သာလားပိုင်တွိစော်ကို မရှက်ပါကေ့။
မီးခိုးကို ယှူမသွင်းကေ့။
အသက်ကို ယှိုက်လို့ယှူ။
ပလိပ်ကို ရန်ပြန်မပြောကေ့။
လမ်းကို အပြီးဖြတ်လားလို့ မရခင်အထိ ပလက်ဖောင်းအစွန်ကနီ ခြီမချကေ့။ရူးထီရူးထ ရောင်းရောင်းသတ်နီရေ ကားအလားအလာတိကြားမှာ ပိတ်မိနီရေ လမ်းလျှောက်သားတိကို ပလက်ဖောင်းအစွန်းထက်ကနီ နင်လေ့လာနီလို့ရရေ။
ကောင်းပါ။
မတူရေ လမ်းတိကို လျှောက်ပါ။
နောက်ပြန်။
တည်ဟိရေ အလှတရားနန့် မတည်ဟိရေ သစ္စာတရားကို အတွက်ရ။ သစ္စာတရားဆိုရေ အယူအဆက အလှတရားဆိုရေ အယူအဆနှုန်း ဩဇာကြီးရေ ဆိုစော်ကို သတိမူ။
ထောင်မကျအောင်နီ။
အရွယ်ရလာခါ ဘိုးတော်တပါးဖြစ်လာအောင်ပျင်။
တာတာကွမ်ထရိုးဖော်မျူလာအသစ်နန့် ကိုးလ်ဂိတ်သွားတိုက်ဆီးကို သုံး။
သူငယ်ချင်းတိနန့် ခင်ရာမင်ရာတိကို ဆီးရုံလားလို့ သတင်းမီး။ ပြန်ချိန်တန်ဗျာလ် လို့နင်ခံစားရကေ ပြန်ရာပြန်။
ကိုယ့်ဖို့နန့် ကိုယ်ဆိုကေ ရိုးသား အရာလူတိနန့်ဆိုကေ သံတမန်ဆန်။
ကောင်းကောင်း ထရူးမပေါ်ကေ့။ အချိန်ပြုန်းရေ။
စာအုပ်ကောင်းတိကို ဖတ် ပြန်ဖတ်။
ပေါက်ပြားတလက်နန့် တွင်းတတွင်းတူး။
ဆောင်းရာသီမှာ အိပ်ရာမဝင်ခင် အိပ်ခန်းကို စိုထိုင်းအောင်ပျင်။
ပြီးပြည့်စုံစော်ဆိုလို့ ဘိုးလိန်းမှာဆိုကေ အမှတ် ၃၀၀ရစော်နန့် ဘေ့စဘောမှာဆိုကေ ၂၇ ခါ ခတ် ၂၇ခါ အောက်စော်ရာ ဟိရေဆိုကို သိထား။
ရီအများကြီးသောက်။ဇာသောက်ပါဖို့လဲလို့ အမီးခံရကေ ရီရာပီးပါလို့ပြော။
‘ချဘောင်သာ ဇာနားမှာပါလေ” လို့မီး။ “ငါ ဇာနားမှာ သီးပေါက်ရဖို့လဲ” လို့ မပျင်ကေ့။
ရုပ်၀တ္ထုတိကို ကြင်နာ။
အသက်၄၀ကစပနာ စိတ်လက်သက်သာကျပိုင်တွိရေ၊ နင်ယုံရေ ဒက်တင်တယောက်ဘားမှာ တနှစ်နှစ်နှစ်နီကေ တခါစီ အစမ်းသပ်ခံ။
သတင်းစာကို တနှစ်မှာ တခါထက် ပိုမဖတ်ကေ့။
“ဟယ်လို” “ကျေးဇူးပါ” နန့် “တူ’ကို မန်ဒရင်းနန့် ဇာပိုင်ပြောရဖို့လဲသင်။
လီချိုင်တက် ချီးပေါက်၊ ယေလေ့ တတိုးချေတော့ပျင်။
နိုင်ငံခြားသားတိကို အထူးသဖြင့် နွီးနွီးထွီးထွီးဆက်ဆံ။
အရိပ်ရုပ်သီးပွဲတိလားကြည့်။ ပြီးကေ နင်က ယင်းဇာတ်ရုပ်တိထဲက တယောက်လို့ စိတ်ကူးကြည့်။ မဟုတ်တာ့ ဇာတ်ရုပ်အားလုံးဆိုပနာ စိတ်ကူးကြည့်။
အညှက်ကို အပြင်ထုတ်လား။
ဘဝကိုချစ်။
(လှန်ဖို့မလိုအောင်) ဖေ့သာအတိ ကိုသုံး။
လမ်းထဲမှာ သေနတ်ပစ်နီကတ်ကေ ပြတင်းနားကို မလားကေ့။
howtobeperfect by ron padgett