
ခေတ်ပြိုင်ကိုးရီးယားကဗျာလောကမှာ ဩဇာကြီးရေ ကင်ဟီဆွန်း Kim Hyesoonကို ၁၉၅၅ မှာမွီးရေ။ကိုးရီယားစာပီဆိုင်ရာနန့် PhD ရေ ၁၉၇၉ ကပင် ကဗျာလောကထဲကိုဝင်ခရေ။ယင်းအချိန် ၁၉၇၀ ၁၉၈၀ ကာလတိက အမေရိကန်နောက်ခံကိုးရီးယားစစ်အာဏာရှင် ပတ်ချွန်ဟီး နန့် ချွန်ဒူးဝမ်းအစိုးရတိကို ဆန့်ကျင်ရေး အာဘော်ဟိရေ literature and intellect မဂ္ဂဇင်းမှာ အစောဆုံးဖော်ပြခံရရေမိန်းမတယောက်။နိုင်ငံရေးအလုပ်တိမှာလေ့ ဝင်ပါခရေ။ ကိုးရီးယားစာပီနယ်မှာ အထင်ကရဖြစ်တေ Midang နန့် Kim Su Yong ကဗျာစာပီဆုတိကို ပထမဆုံးရခရေ မိန်းမကဗျာဆရာ။၂၀၁၉ မှာ သူ့ကဗျာစာအုပ် Autobiography of Death က Griffin Poetry ဆုရခရေ။လက်ဟိ ဆိုးလ် အနုပညာကျောင်း the Seoul Institute of the Arts မှာ ရသစာပီ သင်ပြနီရေ။
"ပျောက်လားခရေ မိန်းမရို့မှာ အသံက ကျွီးနီရေ။ ယင်းပျောက်ကျခရေ မိန်းမတိအသံက ပဲ့တင်ထပ်နီရေ။ငါက ယင်းအသံတိနန့် တေးခြင်းဆိုရေ"လို့ ကင်ဟီဆွန်းကဆိုရေ။
ကိုးရီးယားစာပီအစဉ်အလာမှာ ကဗျာဆရာမတိကို မိန်းမကဗျာဆရာ(ယောယူယှိမ်း)လို့ခေါ်လေ့ဟိရေဆိုပါရေ။ ယောက်ျားကဗျာဆရာတိကိုကျကေကဗျာဆရာ (ယှိမ်း) လို့ရာ ဝိသေသမပါပဲနန့်ခေါ်ရေ ဆိုပါရေ။ကင်ဟီဆွန်း အမြင်အရ အေချင့်က မိန်းမရို့၏ စစ်မှန်ရေ အသံတိကို ဘောင်သတ် ခွဲခြားရာရောက်တေလို့ဆိုပါရေ။ ယောယူယှိမ်း တယောက်ဆိုကေ ချစ်ကောင်းထမန့်ချေတိ စိတ်ကစပ်စော်ချေတိ နုညံ့စော်ချေတိကိုရာ ရီးရဖို့ဆိုရေ သတ်မှတ်ချက်မျိုး။အကျယ်ချဲ့ကြည့်ရဖို့ဆိုကေ အေပိုင်စော်တိက ကိုးရီးယာလိင်သတ်မှတ်ချက်စံအရ လက်သင့်ခံနိုင်ရေ မိန်းမတယောက်၏ အမူအကျင့်တိလို့ဆိုရပါဖို့။
ကင်ဟီဆွန်းက ကဗျာကို မလှလီအောင်လို့ ဒုတ်သီမုတ်သီခံကြိုးစားရေ။စိတ်လုပ်ကစပ်တေ နုညံ့ရေ ယောယူယှိမ်းကဗျာမျိုးကို တသီးတမံဆန့်ကျင်ပနာ အကြမ်းပတမ်းပုံရိပ်တိ အန်စော် အညှက်ဆိုး ယိုယွင်းခန္ဓာတိ သီခြင်းရို့ကိုဖွဲ့တတ်ပါရေ။ မိန်းမတယောက်၏ အရွယ်သုံးပါး အပျို အိမ်ထောင်သည် သားသည်အမိ ကို တမင်ပျင်ထားရေ ကြမ်းတမ်းရေ နိမိတ်ပုံတိနန့် ဖွဲ့လေ့ ဟိရေ ဆိုပါရေ။