ရွင် ပတ်ဂျတ်ကဗျာတိ ၂ ၃ ၄ ၅

Ron Padgett

ကဗျာဆိုစော် တနည်းအားဖြင့် လိုင်းအစု။ဆိုကေ အခြေခံကျရေ လိုင်းတိကို ကစပ်ကြည့်ကတ်ဖို့ကာ။

လိုင်းပြတ် လိုင်းတန့် တိ နန့် ရွင်ပတ်ဂျပ် Ron Padgett ကဗျာအတိုဆကေ

ကဗျာ

ငါက အိမ်ထဲမှာ။
အပြင်မှာ သာသာယာယာ။နှင်း
အီးအီးထက်မှာ နီနွီးနွီး။
နွီဦးပထမဆုံးရက်
မဟူတ်ကေ ဆောင်းနှောင်းနောက်ဆုံးရက်။
ငါ့ခြီထောက်တိ ပြီးဆင်းရေ
လှီကားထစ်ကနီ ပြီးကေ တံခါး
အပြင်သို့၊ငါ့ အထက်ပိုင်း
ထက်ဝက်က အေမှာ စာရိုက်နီရေ။

Poem

အချစ်အချက်တော်

နင့်အတွက် ညစာကို ငါ ချက်ပီးမေနန်း
ထိုင်လိုက် ပြီးကေ ချွတ်လိုက် နင့်ဖိနပ်ကို
ပြီးကေ ခြီစွပ်ကို ပြီးကေ အရာ
နင့်အဝတ်တိကိုပါလေ၊ဒေကရီ*တခွက်သောက်
တေးခြင်းဖွင့် ပြီးကေ က
အိပ်ကို ပတ်ပနာ၊အတွင်းမှာ အပြင်မှာ၊
အချိန်က ညဥ့် ပြီးကေ အိမ်နားပါးချင်းတိ
အိပ်နီကတ်ဗျာလ်၊ယင်းပေါတာတိ ၊ပြီးကေ
ကြယ်တိက ထိန်လို့ လင်းနီရေ၊
မီးဖိုကို ငါမီးဖွင့်လိုက်ဗျာလ်

နင့်အတွက်၊မွတ်နီစော်ချေ နင့်အတွက်။

The Love Cook
*daiquiri ကော့တေးတမျိုး

ဖြတ်ထားရေ အရိပ်တိ

ငါရို့ရောင်းရေ
ဖြတ်ထားရေ အရိပ်တိကို

ဝင်လတ်ပနာ ငါရို့ကိုကြည့်

နင်ဝယ်လို့ရရေ ဇာချင့်မှာ
ဖြတ်ထားရေ အရိပ်ကိုမဆို

ပန်းတပွင့်လား

ယေမှာ
နင်ရဖို့ ဖြတ်ထားရေပန်းတပွင့်မှာ

အရိပ်ကို

Cut shadows Ron Padgett

ယင်းဆွဲအံထဲမှာ တခုလေ့မဟိ

ယင်းဆွဲအံထဲမှာ တခုလေ့မဟိ။
ယင်းဆွဲအံထဲမှာ တခုလေ့မဟိ။
ယင်းဆွဲအံထဲမှာ တခုလေ့မဟိ။
ယင်းဆွဲအံထဲမှာ တခုလေ့မဟိ။
ယင်းဆွဲအံထဲမှာ တခုလေ့မဟိ။
ယင်းဆွဲအံထဲမှာ တခုလေ့မဟိ။
ယင်းဆွဲအံထဲမှာ တခုလေ့မဟိ။
ယင်းဆွဲအံထဲမှာ တခုလေ့မဟိ။
ယင်းဆွဲအံထဲမှာ တခုလေ့မဟိ။
ယင်းဆွဲအံထဲမှာ တခုလေ့မဟိ။
ယင်းဆွဲအံထဲမှာ တခုလေ့မဟိ။
ယင်းဆွဲအံထဲမှာ တခုလေ့မဟိ။
ယင်းဆွဲအံထဲမှာ တခုလေ့မဟိ။
ယင်းဆွဲအံထဲမှာ တခုလေ့မဟိ။

Nothing in that drawer

တဒ် ဘယ်ရီဂန် ၄၅၆၇၈

အနာဂတ်က လူတိ

အဝေး အနာဂတ်ကလူတိ
မင်းရို့ အေကဗျာတိကို ဖတ်နီကတ်ခါ အတွက်ရ
အေကဗျာတိကို မင်းရို့ ရီးခစော်မဟုတ်
ငါရီးခစော်

people of future

အခု

ငါက ရပ်ရွာ ဗိသုကာထဲက အစိတ်အပိုင်းတခု
ဆောက်ရဖို့ ဖြစ်လို့ အဆောက်ခံထားရရုံ

By Now Ted Berrigan

ကြေးနန်း
ဂျက် ကီရောက်အတွက်

တာ့ တာ ဂျက်
တနားနီကေတွိကတ်မေ

Telegram

ဘီးစက်ဝန်းမှာ

အပြည့်နန့် စားပွဲထိုးမိန်းမက
မီးရေ
“ကော်ဖီ
အရာယူပါဖို့သိလား’
မီးခွန်းကြောင့် အံ့အားသင့်ပနာ
ငါ တနားကြာ စက္ကန့်လောက် “ဟုတ်
ယူပါဖို့” ငါ သူ့ကို ကမ်းပီးလိုက်တေ
ခွက်အလွတ်ကို
“ကျေးဇူးပါ” လတ် သူက။ ရပါရေ။

in the Wheel

ရုပ်လွန်ကဗျာ ၄ ပုဒ်

“မီးရထားဌာနမှာ အလုပ်တခုရ”
“ငါ့ကို ဖေ့ချာ ဆကေချီး”
“ဆီးလုံး ဆကေ ဝယ်ရဖို့ ငါ”
“ယေကေ ငါ ဂျွန် အက်ရှ်ဘယ်ရီကို နားလည်နိုင်ရေ”

4 metaphysical poems

တဒ် ဘယ်ရီဂမ် ၁ ၂ ၃

Ted Berrigan

စစ်ဆန့်ကျင်ကဗျာ

နယူးယီးယား အကြိုရက်၊ ၁၉၆၈
ဆုံးဖြတ်ချက် ထွက်ရဖို့ အချိန်။

အန်ဂျယ်ဘာ့ ဟင်ပါဒင့်*ကို ငါမကြိုက်။

အင်ခရေဒီဘယ် စထရင်းဘန်းကို ငါချစ်တေ။

စစ်က ဆက်ဖြစ်နီရေ
ပြီးကေ စစ်က လဝရာ။

မင်းကိုငါ ဒီဇင်ဘာတေးခြင်းတပုဒ်ဆိုပြဖို့။

အေနိညဥ့်အိုင်အိုဝါစီးတီးမှာ သုညအောက် ၅ ဒီဂရီ။

အေနှစ် နွီးနွီးထွီးထွီးအခန်းတခန်း ငါတွိထားခလို့
လုံးချင်းထဲ နီလို့ရပနာ
တခါလေ့ တိုက်နီဖို့မလို။

ယင်းအခန်းထဲမှာ ငါမနီခ။

သီစော်အကြောင်း ငါ ကောင်းအများကြီးစဥ်းစားခရေ
ပြီကေ ထားလိုက်ပါဝေ လို့ပြောခရေ။

AntiWar Poem Ted Berrigan

*Engelberg Humperdinck a British Pop Singer
**The Incredible String Band a British Psychedelic band

တနင်္ဂနွီမိုးထ


အချက်အလက်တခု

ကြောင်တ​ကောင်ကို အခါ ၁၀၀၀၀၀၀ပွတ်ကေ
ကမ္ဘာမှာ အကြီးဆုံး အမေရီကန် အလံကို တမီနိလောက် လင်းအောင်ပျင်နိုင်ရေ လျှပ်စစ်စွမ်းအားကို ထုတ်နိုင်ဖို့


လုံးဝအပြောင်းအလဲ

အယင်ခေတ်တိမှာ အိမ်ထောင်ရေးဖောက်ပြန်ရေ လူတိကို ကျောက်ခဲပစ်သတ်ကတ်တေ
ခုခေတ်မှာကျကေ အကြီးအကျယ် စိတ်ပျက်ဖို့ကောင်းစော်တခုရာ


မွန်ဂိုးလီးယား ဝက်အူချောင်း

အဓိပ္ပါယ်သတ်မှတ်ချက်အရ စတော်ကိန် အရှည်တဖက်
ယင်းချင့်မှာ ချီးအပြည့်ထည့် အပေါက်တိဖောက် ပြီးကေ အားလုံးသူ အိပ်ပြန်ကတ်တေ အထိ ယင်းချင့်ကိုခေါင်းထက်မှာ ပတ်ပနာမွိ

Sunday Morning Ted Berrigan

နိတိုင်း ငါလုပ်စော် ၁၀ခု

အိပ်ရာထ
မားယှူ
ကြောင်ကိုကြည့်
ငါ့မယားကိုချစ်
ဖရန့်အကြောင်းစဥ်းစား

မိုးထထမင်းစား
ဆူဆူပူပူလုပ်
တေးခြင်းဆို
အပြင်ထွက်
လမ်းတိကိုတူး

ညဇာထမင်းစားဖို့ အိမ်ပြန်
ပို့စ် သတင်းစာဖတ်
သီးပေါက်
အချေနှစ်ယောက်
သွားခြဲပြ

စာအုပ်တိဖတ်
ငါ့သူငယ်ချင်းတိကို တွိ
လပွန်တီး
ပတ်ဆီတလုံးသောက်
ပျောက်

10 things i do everyday ted berrigan

ရွင် ပတ်ဂျတ် ကဗျာတိ ၁

Ron Padgett Poems 1

ဂျိုးဘရိန်းနာ့ ပန်းချီကား “ဘင်ဂို”

ဂျိုး ဘရိန်နာ့ ပန်းချီကား “ဘင်ဂို” ဘေးမှာ ငါထိုင်ခါ ငါခံစားရရေ

ယင်းစာကြောင်းကို ကဗျာတပိုဒ်လုံးဖြစ်အောင် ငါ ပျင်ခလို့ရရေ

ဂျိုး
ဘရိန်းနာ့ ပန်းချီကား
ဘင်ဂို ဘေးမှာ
ငါထိုင်ခါ
ငါခံစားရရေ။

မဟုတ်တာ့ စာကြောင်းအထားအသိုကို ငါပြောင်းပလိုက်လို့ရရေ

ငါ ထိုင်ခါ ငါခံစားရရေ

ယင်းချင့်က လိပ်ခေါင်းကို ပြောပိုင်ရာ
လိပ်ခေါင်းနန့် ပတ်သက်လို့ ငါ တခုလေ့မသိ
လိပ်ခေါင်းဟိနီကေ ထိုင်လိုက်ကေ နာလာ ဆိုစော်မျိုး
ယပိုင်ဆိုကေ ငါ့မှာတော့ခါ မဟိဟိဖို့
ငါထိုင်ခါ နာက မနာစော်ကို
ငါ့ဘဝ ၁၅ပုံ ၈ပုံလောက်က ထိုင်နီခစော်ဟိလီဖို့ထင်ရေ

ဂျိုးဘရိန်းနာ့ဘေးမှာ ငါထိုင်ခါလေ့
ငါမခံစားရ

သူ့ပန်းချီကား ‘ဘင်ဂို’ဘေးမှာ ငါထိုင်ခါလေ့
ငါ အဂင့်ဂင့် ခံစားရစော်တောင် မဟုတ်

ဂျိုး ဘရိန်နာ့ ပန်းချီကား “ဘင်ဂို” ဘေးမှာ ငါထိုင်ခါ ငါခံစားရရေလို့
အမှန်က ငါ စပြောခစော်မဟုတ်
သူ့အရာပန်းချီကားတချပ်အကြောင်း
ငါပြောခစော်တခုကို တုန့်ပြန်ယက်ပင်း
ငါ့ မယားသည်ပြောခစော်
ငါ ပြောခစော်ကို သူနားလည်မှုလွဲခစော်

Joe Brainard’s Painting Bingo
Ron Padgett

ဖရန့်အိုဟာရာ ၁၂ Metaphysical Poem

ရုပ်လွန်ကဗျာ

မင်း ဇာအချိန်လားချင်လေ
ငါ ယင်းကိုလားချင်ယင့်လားလေ့ မသေချာ
မင်း ဇာနီရာကိုလားချင်လေ
ဇာနီရာပင်ဆိုဆိုဝေ
အရာဇာနီရာမှာပင်မဆို ငါ ပြိုကွဲလားလီဖို့လို့ ငါ ထင်ရေ
ဟုတ်ဗျာလ် မင်းက အဂင့် ဆန္ဒဟိကေ ငါ လားပါမေ
ငါ ကောင်းဂရုစိုက်စော်မဟုတ်ဝေး
ယေလေ့ အရာဇာနီရာမှာပင်မဆို မင်း ပြိုကွဲလားလီဖို့လေ
ငါ အိမ်ကိုရာ လားလို့လေ့ ရရေ
ယင်းကိုလားဖို့အတွက် ငါမှာ အဂင့်ပြသနာမဟိပါဝေ
ယေလေ့ ယင်းကိုလားဖို့ မင်းကို ငါ အားနန့်မပြောချင်
မင်းငါ့ကို အားနန့်ပြောစော်ကမဟုတ်ပါကာ ငါ ခုချက်ချင်းလားဖို့ဗျာလ်ဒေ
ငါ ဇာနီရာမှာလေ့ အကြာကြီးနီနိုင်ဖို့မဟုတ်ဝေ
အပါးက တနီရာရာကို ငါရို့လားလို့လေ့ ရရေဝေါ်
ငါ ဂျတ်ကတ်မဝတ်ထား
မင်း လိုင်စည်းလေ့မဝတ်ထားပိုင်ဗျာလ်ယေ
ဟုတ်ဗျာလ် ငါရို့ လားကတ်ရဖို့လို့ ငါမပြောနန်
မင်းဝတ်ထားလာ မဝတ်ထားလာ ငါ ဂရုမစိုက်
ငါရို့ တခုကိုလေ့ အဂင့်ဂင့်လုပ်ဖို့တော့ မလိုနန်
ယကေ ကောင်းဗျာလ် မလုပ်ကေ့ဖိ
အိုကေ ငါ ဖုန်းဆက်လိုက်မေ
အေ ဆက်လိုက်

metaphysical poem by frank o hara

More

ဖရန့်အိုဟာရာ ၅၆၇၈၉ ၀၁

တိရစ္ဆာန်တိ

ယင်းခါက ငါရို့ဇာပိုင်လေဆိုစော်ကို မင်းမိလားခဗျာလ်လာ
ငါရို့ ပထမတန်းကျတုန်းသိခါကလေ
နိရက်က သူ့ပါးစပ်မှာ ပန်းသီတလုံးနန့် ဝလို့ဖြိုးလို့ လာခါကလေ

အချိန် အကြောင်း စိတ်ပူနီလို့လေ့ အသုံးကမဝင်ပါဝေ
ယေလေ့ ငါရို့မှာ ဝှက်ဖဲချပ်တိက အဂင့်ဟိခကတ်တေလေ
ပြီးကေ တချို့ထောင့်ချိုးတိကိုလေ့ ကွေ့ခကတ်တေလေ

စားကျက်တခုလုံးက ငါရို့ အစာပိုင်ဗျာလ်ယေ
လျင်နှုန်းပြမီတာတိကို ငါရို့ မလိုခကတ်လေ
ရီခဲနန့် ရီကိုရာသုံးပနာ ကော့တေးတိ လုပ်နိုင်ခကတ်တေဝေါ်

ငါက အခုထက် ပိုလို့ လျင်ဖို့ကိုလေ့ လိုလီခဖို့မဟုတ်
ပိုလို့ စိမ်းဖို့ကိုလေ့ လိုလီခဖို့ကမဟုတ်
မင်းရာငါနန့်ဟိနီခကေလေ
အဝေ မင်းက ငါ့နိရက်တိအားလုံးမှာ အကောင်းဆုံးပါရာဝေ

Animals

Autobiographia Literaria

ငါ အချေခါ
ကျောင်းဝင်းထောင့်တထောင့်မှာ
ကိုယ့်စော်နန့်ကိုယ်ရာ ကစပ်နီတတ်တေ
လုံးချင်းထဲ။

ငါ အရုပ်ချေတိကို မုန်းခရေ
ဂိမ်းတိကို မုန်းခရေ
တိရစ္ဆာန်တိက ဖော်ဖော်ရွေရွေမဟုတ်
ငှက်တိက ပျံထွက်လားခကတ်တေ

တယောက်ယောက်က ငါ့ကို ရှာနီကေ
အပင်နောက်မှာစီ ပုန်းလို့နီတတ်တေ
ပြီးကေ အော်ပြောရေ
ငါက မိမဟိဖမဟိတယောက်ပါ

ဒေမှာ ငါ
အလှအားလုံး ဗဟိုမှာ
ဒေကဗျာတိကို ရီးယက်ပင်း
စိတ်ကူးကြည့်ချက်

စီစဥ်ထားရေ အတိုင်း

ပထမဆုံး ဗော်ဒကာတခွက်ကို သောက်ပြီးလားခကေ
ဘဝနန့်ပတ်သက်လို့ ဇာချင့်ကိုမဆို မင်းလက်ခံနိုင်လားခဗျာယ်
မင်းကိုယ်တိုင်၏ ပဟေဠိဆန်မှုကိုပင်ယေ
ခြုပ်မီးဆွဲတဗူးက မညင်းရောင်နန့်အညိုရောင်ဖြစ်စော်ကို လာပတီး*လို့ခေါ်စော်ကို ဆွီဒင်ကနီလာစော်ကို ကောင်းရေလို့ မင်းထင်ရေ
ယင်းချင့်တိက မင်းသိရေ စကားလုံးတိကို
ယင်းချင့်က မင်းသိသမျှစကုန်ဗျာလ် စကားလုံးတိကိုရာလေ သူရို့ခံစားချက်တိကိုမဟုတ် သူရို့ဇာအဓိပ္ပါယ်လေ ဆိုစော်ကိုက မဟုတ်
ပြီးကေ မင်းရီးရေ
ယင်းချင့်တိကို မင်းသိလို့လေ
ယင်းချင့်တိကို နားလည်လို့ကမဟုတ်
မင်းနားမလည်လို့ မင်းကဖျင်းရေ ပျင်းရေ
တခါလေ့ ကြီးကျယ်လီဖို့မဟုတ်
ယေလေ့ မင်းသိစော်ကို မင်းလုပ်တေလေ
အရာဇာဟိသိလို့လဲ

as planned frank o’ hara

*La Petite

Les Étiquettes Jaunes*

အေနိ ပလတ်ဖောင်းထက်က
အရွက်တရွက်ကို ငါကောက်ခရေ။
အေချင့်က အချေဆန်ရေပိုင်ဗျာလ်။

အရွက်! မင်းက ကောင်ပင်ကြီးကာ
မင်း အရောင်ကို မင်းဇာပိုင်ပြောင်းလီလေချင့်
ပြီးကေ ကြွီကျဖို့ရုံ ။

ခိုင်မာတည်ကြည်မှု ဆိုစော်မျိုးက
မဟိရေပိုင်ဗျာလ်ကာ။

မင်း ငါ့ကို ပြန်ဖြေစော်က ကောင်းပင်အီးအီးသက်သာ
ငါ့မှာ ဖိပြောဖို့ပင် ကောင်းကြောက်မိလားခရေ။

အရွက်! ပုသွင်ချေပိုင်
စိုးရိမ်ယောက်ယက်ခပ်မနီကေ့။

  • The Yellow Etiquettes

ဝမ်းနည်း ဘရိတ်ဖက်

ဝမ်းနည်း ဘရိတ်ဖက်
အထက်မှာ အပြာ အောက်မှာ အပြာ

တိန်းနီရေ ကြက်ဥက အတွက်ခံနီရေ
ပြီးကေ ပေါင်မုန့်ကင်စက် လျှပ်စစ်နား က စောင့်နီရေ

ကြယ်တိက
“ဝှက်ထားရေ ယင်းမိုးရိပ်’ထဲမှာ

မယုံကြည်မှု အရိပ်လက္ခဏာတိ
မိုးထသားမှာ ကောင်းအားကောင်းနီကတ်တေ

Melancholy Breakfast Frank O Hara

ငါက ဇာအတွက်နန့် ပန်းချီဆရာမဖြစ်

ငါက ပန်းချီဆရာမဟုတ်၊ငါက ကဗျာဆရာ။
ဇာအတွက်နန့်လဲ။ပန်းချီဆရာရာ ဖြစ်ရဖို့စော်လို့
ငါထင်ရေ။ယေလေ့ မဖြစ်ခ။ဟုတ်ဗျာလ်
ဥပမာ မိုက်ဂိုးဘာ့*က ပန်းချီတကားစလို့ဆွဲနီရေ။
ငါက သူ့ဘားကိုဝင်ရေ။
“ထိုင် တခုခုသောက်”သူကပြောရေ။
ငါ သောက်တေ။ငါရို့သောက်ကတ်တေ။ ငါ မော့ကြည့်လိုက်တေ။”ယင်းမှာ မင်း ဆာဒင်း°တိဆွဲထားရေနန်း”
“အေ ယေမှာ တခုခုပါဖို့လိုရေလေ”
ငါ ပြန်ခရေ ရက်တိလေ့ ကုန်ခရေ
ငါ သူ့ဘားကိုဝင်ရေ။ပန်းချီကားက ဆက်ဆွဲတုန်းသိ။
ငါ ပြန်ခရေ ရက်တိလေ့ ကုန်ခရေ။
အရာတခါ ငါ သူ့ဘားကိုဝင်ရေ ။
ပန်းချီကားက လက်စသတ်ခဗျာလ်။ “ဆာဒင်းတိဇာရောက်ခရောင်”
ကျန်ခစော်ဆိုလို့ စာလုံးတိရာ ဟိဗျာလ်။
“ယင်းချင့်က ကောင်းများလွန်းရေ”မိုက်ကပြောရေ။

ငါဝေါ်။တရက်သား အရောင်တရောင်ကို ငါ အတွက်ခံနီရေ၊ လိမ္မော်ရောင်ကို။လိမ္မော်ရောင် အကြောင်း လိုင်းတကြောင်းရီးလိုက်တေ။
တချက်ချေရာကြာလိုက်တေ စကားလုံးတိက တပြင်လုံးဖြစ်လားခရေ၊လိုင်းတိတော့ခါ မဟုတ်။
ပြီးကေ အရာတပြင်။အရာကောင်းအများကြီး ပါသင့်ရေ၊ လိမ္မော်သီးအကြောင်းမဟုတ်
စကားလုံးတိ၊လိမ္မော်သီးက ဘဝကဇာပိုင် စိတ်ပျက်ဖို့ကောင်းရေ ဆိုစော်တိ။
ရက်တိကုန်ခရေ။စကားပြင်မှာတောင် ငါက အဂင့် ကဗျာဆရာ။
ငါ့ကဗျာက လက်စသတ်ဗျာလ်။လိမ္မော်ရောင်အကြောင်းကျ မဖော်ပြရသိ။ကဗျာက ၁၂ပုဒ်။ လိမ္မော်သီးတိလို့ ငါ ခေါင်းစိုင်ပီးလိုက်တေ။
တရက်သား ပန်းချီပြခန်းမှာ မိုက် ပန်းချီကိုငါမြင်မိရေ။ နာမည်က ဆာဒင်းတိလတ်။

*Michael Goldberg အမေရိကန်ပန်းချီဆရာ Absract Expressionist တယောက်
°Sardine စည်သွတ်ဗူးလုပ်တေ ငါး

Why I Am Not A Painter Frank O’ Hara

တေးခြင်း

ဗျု့ကားဝါ့ယှော့* နားမှာ ငါ လမ်းလျှောက်နီစော်ကို မင်းမြင်ခလာ
ငါ မင်းအကြောင်း စဥ်းစားနီခစော်
အပူထဲမှာ ကုတ်တဗူးသောက်ယက်ပင်း၊ဘိုင်စကုပ်မဂ္ဂဇိင်းမှာ
ငါ မြင်ခစော်က မင်းမျက်မှာ၊ မဟုတ် ယင်းချင့်က ဖေဘီယန့်**မျက်နှာရာ
ငါ မင်းအကြောင်း စဥ်းစားနီခစော်
ဘူတာရုံ ထူးထူးဆန်းဆန်းပျောက်လားခရေ မီးရထားလမ်းမှာ
ငါ မင်းအကြောင်း စဥ်းစားနီခစော်
နီဝင်စမှာ ဘာ့စကားထွက်လားခခါ
ငါ မင်းအကြောင်းစဥ်းစားနီခစော်
ပြီးကေ အခု လက်ငြင်းမှာလေ့

Song

*The Buick Repairs
** Francoise Fabian ပြင်သစ်ဘိုင်စကုပ်မင်းသမီးတယောက်

ဖရန့်အိုဟာရာ ၄

ေဗဒင်စာရွက်ပါေရ ကွတ်ကီးတိအတွက် စာေြကာင်းတိ

မင်းက အံ့ဩဖို့ကောင်းရေလို့ ငါထင်ရေ၊အရာလူအားလုံးလေ့ ယပိုင် ထင်ကတ်တေ။

ဂျက်ကီကနေဒီ*က အဘုချေယောက်ျားချေတယောက်ရရေပိုင် မင်းလေ့ရဖို့၊ ပိုလို့တောင်ကြီးဖို့သိ။

ရွှေရောင်ဆံပင်နန့် ထောင်ထောင်မောင်းမောင်း လူစိမ်းတယောက်ကို မင်းတွိဖို့၊ မင်းက “ဟယ်လို” လို့တော့​နှုတ်ဆက်လီဖို့မဟုတ်။

မင်း ခရီးအရှည်ကြီးတခုလားရဖို့၊မင်း ကောင်းပျော်ရဖို့၊ လုံးချင်းထဲဆိုကေလေ့သင့်ယေ။

မင်းမျက်လုံးတိကို တောက်ထားရေ ကြက်ဥတိနန့် တူရေလို့ ပထမဆုံးပြောရေလူကို မင်းယူဖို့။

အစဦးဆုံးမှာ “မင်း” ဟိခရေ၊ရက်ပြတ်လေ့ “မင်း” ဟိနီလီဖို့လို့ ငါထင်ရေ။

မင်း ပြဇာတ်အကြီး တပုဒ်ကိုရီးဖို့၊ ယင်းပြဇာတ်က သုံးကြိမ် စင်တင်ပြရဖို့။

The Village Voice**ကို အခုချက်ချင်း ဖုန်းဆက်လိုက်၊ သူရို့ မင်းကို အိန်တာဗျူးချင်နီကတ်ဗျာလ်။

ရော်ဂျာ အယ်လ် စတီဗန်စ်နန့် ကာမစ် ဘလုံးဂါဒန်*ရို့က မင်းကို မျက်စိကျနီကတ်ဗျာလ်။

ဆကေ စိတ်လျှော့ထား၊ မင်းမှာ နာမည်အကြီးဆုံး စိတ်လှုပ်ယှားကေ ပါဒရလိုက်တတ်စော်က မင်းကို ပြန်ဖျက်စီးလိမေ။

ပထမဆုံးကဗျာစာအုပ်ကို မင်း လက်စသတ်ပြီးစော်နန့် ချက်ချင်း ပုံနှိပ်ခံရဖို့။

မင်းက မြို့စွန်မှာ ပေါက်တေဆိုရုံ ဆိုကေလေ့ မြို့လည်မှာကျကေ ရာဇဝင်တွင်ဖို့။

မင်း လမ်းလျှောက်စော်မှာ ဂီတအရည်အသွေးဟိရေ၊ ယင်းချင့်က မင်းကို နာမည်ကြီးအောင် ကြီးပွားအောင်ပျင်ဖို့။

မင်း ကိတ်မုန့်စားဖို့။

မင်းဖာသာမင်း ဇာသူထင်နီလေ။ ဂျို ဗန်ဖလိ°လား။

မင်းဘဝက ပီရန်ဒယ်လို°°ပိုင်လို့ မင်းထင်ရေ၊အမှန်က အိုနေးလ်°°°ပိုင်ရာ။

ဂျိမ်းစ်ဝါရိန်း°°°°နန့် အကဆကေသင်လိုက်ကေ အသူပြောနိုင်ဖို့လဲ၊ တခုခု ဖြစ်ချင်လေ့ ဖြစ်ဖို့။

ယင်းချင့်က မင်းခြီစွပ်က အပေါက်ရာမဟုတ်၊မင်းခြီထက်က လက်တဖက်ရာ။

မင်း ပြင်သစ်မှာ နီခရေဆိုစော်ကို ငါသိပါဗျာလ်၊ ယေနန့်ပင်က မင်းအားလုံးကို သိရေလို့ အဓိပ္ပါယ်မထွက်ပါကာ။

အဖြူရောင်ကို ပိုလို့ဝတ်ပီးရဖို့၊ မင်းဆိုစော်နန့် အဖြူရောင်ဗျာလ်လို့ ဖြစ်လာအောင်။

မင်းကို စကားလာပြောဖို့ နောက်တယောက်မှာ ကောင်းစိတ်ဝင်စားဖို့ ကောင်းရေ ကမ်းလှမ်းချက်တခု ဟိလီဖို့။

အေအခန်းထဲက လူများကာက သူရို့ရာ မင်းဖြစ်ခကေကောင်းဖို့လတ်။

မိုက်ဂိုးဘာ့’ပန်းချီပြပွဲကို လားဖူးလာ၊ အယ်လ် လက်စလီ”ပွဲကိုဝေါ်၊ လီကရာစနာ”‘ပွဲကိုဝေါ်။

တခါတလီ မင်း စိတ်မဝင်စားပိုင်ပျင်စော်ကို တစိမ်းတိက မရိုးသားလို့ ထင်လားလီနိုင်ရေ။

အခု ရွေးကောက်ပွဲလေ့ ပြီးဗျာလ်ဆိုခါ မင်းဖာသာမင်း ဇာဆက်လုပ်ဖို့လဲ။

မင်းက ခရုပေါင်မုန့်စက်ရုံက အချုပ်သား၊မင်းက ယင်းချင့်ကို ချစ်တေ။

မင်း အသားစားရေ။မင်း ဇာအတွက်နန့် အသားစားစော်လေ။

မိုးကုပ်စက်ဝန်းအလွန်မှာ အုံ့မှိုင်းတောင်ဂျိုင် တဂျိုင်။

မင်းလေ့ ပြင်သစ်ဝန်ကြီးချုပ်ဖြစ်နိုင်စော်ဗျာလ်လေ …..အကယ်လို့ရာ …..အကယ်လို့ရာ

Lines for Fortunes Cookies by Frank O’ Hara

  • Jackie Kennedy သမ္မတကတော်
    ** The Village Voice တန်ပြန်ယိုင်ကျေးမှု၊နိုင်ငံရေးအကြောင်းတိဖော်ပြတတ်တေ နျူးယော့ သတင်းစာတစောင်
    *** Roger L Stevens
    **** Kemit Bloomgarden ပြဇာတ်သျှင်တိ
    ° Joe Van Fleet အမေရိကန်ဘိုင်စကုပ်မင်းသမီး
    °°Luigi Pirandello အီတလီပြဇာတ်ဆရာ
    °°° Eugene O Neil အမေရိကန် ပြဇာတ်ဆရာ
    °°°° James Waring အမေရိကန် အကဆရာ
    ‘ Mike Goldberg
    ” Al Leslie
    ”’ Lee Krasner အမေရိကန် ပန်းချီဆရာတိ
  • ank O Hara

ဖရန့်အိုဟာရာ ၃

သူရို့ဘားက တလှမ်းအဝီး

ငါ နိခင်းဘက် အစာစားချိန်၊
ဆိုခါ ပျားပန်းခပ်ရောင် တက္ကစီတိကြားမှာ လမ်းတခေါက်လျှောက်လို့လားရေ။
အလုပ်သမားတိက စုပ်ပီစုပ်ပက် သူရို့ဝမ်း လဲ့လဲ့ပြောင်ပြောင်တိကို
ဆန်းဝိချ်နန့်ကိုကာကိုလာကျွေးနီကတ်တေပလက်ဖောင်းအတိုင်း ပထမလားရေ။ဟဲလမတ်အဝါတိဝတ်ထားကတ်တေ။
အုတ်ခဲတိ လူးကျလာကေ ယင်းဟဲလမတ်တိက သူရို့ကို ကာကွယ်ပီးဖို့ အတွက်ဟိဖို့လို့ ငါထင်ရေ။
ပြီးကေ ဒေါက်ဖိနပ်ထက်မှာ လှန်တက်နီပနာ သံဇကာထက်မှာ ဖောင်းတက်နီရေ စကာ့တိ“ဟိရေ ရိပ်သာလမ်းကို တက်တေ။
နီကပူနီရေ၊ယေလေ့ တက္ကဆီတိက လီကို နောင်အောင်မွီနီရေ။
လျှော့စျီးနန့်ရောင်းနီရေ လက်ပတ်နာရီတိကို ငါကြည့်ရေ။
လွှစာမှုန့်တောမှာ ကြောင်တိ သဲနီကတ်တေ။

ပြီးကေ

တိုင်းစကွဲယားကို ဆက်လားရေ။ယေမှာ ဆိုင်းဘုတ်တခုက ငါ့ခေါင်းထက်ကို မီးခိုးမှုတ်ထုတ်တေ။
ယင်းထက်အမြင့်မှာ ရီတံခွန်က အီးလို့ချေ ရီကျနီရေ။
နီဂရိုးတယောက် သွားကြားထိုးတံတချောင်းကိုက်ပနာ တံခါးပေါက်မှာရပ်နီရေ၊ပျင်းစာရိစာစိတ်လှုပ်ယှားအောင်ပျင်နီရေ။
ရွှေရောင်ဆံပင်နန့် အကအဖွဲ့ကကလေ့မေချေတယောက်က ဖြတ်ခနဲရိုက်တေ၊ သူက ပြုံးပနာ မိတ်ကို ပွတ်ခံထားရေ။
အားလုံး ဗြုန်းခနဲ ဟွန်းတီးလိုက်ကတ်တေ။ ကြာသပတီးနိတရက် ၁၂:၄၀။

နိခင်းဘက်အလင်းမှာ

နီယွန်မီးတိက ကောင်းကောင်းစိတ်ပျော်ဖို့ကောင်းရေ၊အီဒွင် ဒင်ဘီက ယပိုင်ရီးဖို့၊ နိခင်းဘက်အလင်းမှာ ဘားသီးတိလေ့ ယပိုင်။ ဂျူးလီယပ်ကော်နာမှာ ချီးစ်ဘာဂါတလုံးဝယ်ဖို့ ငါတန့်ရေ။ ဂီလီယက်တာ မာစီနာ*၊ဖရက်ဒရီကို ဖယ်လီနီမှာမယား၊အလှမင်းသမီး။
ပြီးကေ ချော့ကလိတ်မော့။
အေပိုင်ရက်မျိုးမှာ အမွှီးထူအင်္ကျီဝတ်ထားရေ လေဒီတယောက်က သူ့ ခွီးပုချေကို တက္ကဆီတစီးထဲကို ထည့်နီရေ။
အေနိ
ရိပ်သာလမ်းထက်မှာ ပွာတိုရီကန်တိ အများကြီး
ယင်းသူရို့ဟိနီလို့ လမ်းက လှပနာ နွီးထွီးနီရေ။ပထမဆုံး
ဘင်နီ° သီရေ။ ပြီးကေ ဂျွန်လာတု့ချ်°
ပြီးကေ ဂျေဆန်ပိုလော့°
ဘဝက ပြည့်ဝခရေပိုင် ကမ္ဘာက သူရို့နန့် ပြည့်နီလီလာ
လူတယောက်က အစာစားရေ လမ်းလျှောက်တေ၊
လင်းကြဲပုံတိပါရေ မဂ္ဂဇင်းဘေးက ဖြတ်လို့၊
ကျွဲရိုင်းသတ်ပွဲ ကြော်ငြာပိုစတာတိဘေးက ဖြတ်လို့၊
ပြီးကေ မတ်ဟန်တန် စတိုဂိုဒေါင်ဘေးက ဖြတ်လို့။
ယင်းနီရာကိုလေ့ သူရို့က တနားနီကေ ဖြိုချပစ်ကတ်ဖို့ဗျာလ်။
ယေမှာ အာမော်ရီပန်းချီပြပွဲလုပ်ခကတ်တေလို့ ကျနော် ထင်ခဖူးရေ။

ဗဒကာသီးဖျော်ရည်တခွက်၊
ပြီးကေ အလုပ်ကိုပြန်လာ၊
ငါ့နှလုံးသားက ငါ့အင်္ကျီအိတ်ထဲမှာ
ယင်းချင့်က ပီယေးရီဗာဒီ***ကဗျာတိ။

*Edwin Denby အမေရိကန်စာရီးဆရာ
**Giulietta Masina အီတလီမင်းသမီး
****Pierre Reverdy ပြင်သစ်ဆူရီယယ်ကဗျာဆရာ
°Abstract Expressionist ပန်းချီဆရာတိ
“အေချင့်က မာရီလင်မွန်ရိုးကို အတွက်ရစီရေ

Frank O ‘ Hara Fr A Step Away From Them

“မြို့ပြဘဝ နန့် သန်းချီရေ ဆက်စပ်ပတ်သက်မှုတိက သူ့ကဗျာမှာ ပျားပန်းခပ်နီရေ။ဂေါ်ဖီထုပ်၊ပါချူလီပန်း၊ ကာဘွန်မိုနောက်ဆိုက် နံတိက သူ့ကဗျာမှာ ရွှင့်ပျံ့နီရေ။”
John Ashberyက ဖရန့်ကဗျာပေါင်းချုပ် မိတ်ဆက်စာမှာ ယပိုင် ရီးခရေ။

ဖရန့်အိုဟာရာကဗျာတိက ဒိုင်ယာရီစာအုပ်မှာ ရီးမှတ်ထားစော်နန့်တူရေ entries in a diary ၊ ကိုယ်တိုင်ရီး အတ္ထုပ္ပတိဆန်ရေ autobiographical လို့ ဆိုကတ်တေ။ အေကဗျာထဲမှာ ယင်းဟန်တိကို မြင်နီရရေ။ ချစ်ဖို့ကောင်းရေ အတိအကျတိ charming accuracy ကိုလေ့တွိရရေ။ ၁၂ ၄၀ ဆိုရေ အချိန်အတိအကျမျိုး ဂျူးလိယက်ကော်နာက ချီးစ်ဘာဂါ ဆိုရေ နီရာ အတိအကျမျိုး။

"ငါရို့ထဲမှာ နိုင်ငံရေးနွယ်စော်တယောက်ပါကေ ယင်းတယောက်က ဖရန့်ဗျာလ်" လို့ သူ့အပေါင်းအသင်းတိကပြောကတ်တေဆိုရေ။ စုပ်ပဲရေ အလုပ်သမားတိ နန့် အမွှီးထူအင်္ကျီဝတ်ထားရေ လေဒီက ယင်းထဲက တစလား။ နောက် နီဂရိုး ပွာတိုရီကန် ဆိုစော်တိက ယင်းခေတ်က အမေရိကန် လူမျိုးခွဲသဘော Racismကို ဆိုလီလာ။ဖရန့်ကတော့ခါ သူရို့ကြောင့် ရိပ်သာလမ်းက ပိုလှပနာ နွီးထွီးနီရေလတ်။

နောက်တခုက နာမည်တိအများကြီးပါတတ်စော်လေ့ ဖရန့် ဟန်တမျိုးဗျာလ် ဆိုပါရေ။အရာ Coterie ကဗျာတိမှာလေ့ တွိရတတ်တေလက္ခဏာတခုဆိုရပါဖို့။အေချင့်နန့်ပတ်သက်ပနာ အကျယ်တဝင့် ရီးကတ် ဝေဖန်ကတ်စော်တိတော့ဟိရေ။ Bunny Lung ၊John Latouche၊ Jason Pollockရို့က AEပန်းချီဆရာတိ။အေပိုင်နာမည်တိကို သုံးစော်မျိုးကို အယင်ခါ ဗမာကဗျာတိမှာလေ့တွိရတတ်တေ။နာမည်တိက ရည်ညွှန်းစော်တိလေ့ တခါတလီဟိတတ်တေ။တခါတလီလေ့ ရင်းနှီးကျွမ်းဝင်မှုအတိုင်းအတာကိုပြရုံထင်ပါရေ။ယင်းနာမည်နန့် လူတိကိုမသိကေလေ့ အေကဗျာက ဆက်ဖတ်လို့ရရေပုံပါ။အပေါင်းအသင်းတချို့လေ့ သီခဗျာလ်ဆိုစော်နန့် ဘန်နီရို့ လာတုချ်ရို့ သီဗျာလ်ဆိုစော်ကြားမှာ ဇာခြားနားလေ။

ဖရန့်အိုဟာရာ ၂

လေဒီသီရေနိ

သူ့ကဗျာတိက ရမ္မက်အပြည့်၊ ဘဝအပြည့်။အသေးအမွှားချေတိကို သူ့ကဗျာတိထဲမှာ နာမည်တပ်ပနာခေါ်လို့တော့ခါ သူ့ကဗျာတိက သာမန်ကာလျှံကာ မဖြစ်။ Kenneth Koch

အေကဗျာက Jazz အဆိုတော် Billie Holiday သီခါရီးခရေ လွမ်းခြင်း Elegy တပုဒ်။ BHကို သူ့အသိုင်းအဝိုင်းက Lady Day လို့ ခေါ်ကတ်တေဆိုပါရေ။

Elegy များကာနန့်ကွာစော်က ကဗျာဖွဲ့ခံရရေ လူအကြောင်းက ပါးပါးချေရာပါနီစော်ဗျာလ်လို့ဆိုပါရေ။မြို့ပြဘဝမှာ မသေချာစော်တိ၊အချိန်ကန့်သတ်ခံရစော်တိ၊ရွီးချယ်ရ ဆုံးဖြတ်ရဖို့များစော်တိက များကာနီရာယူထားရေ။

လေဒီ သီရေနိ

နျူးယော့မှာ သောကြာနိတရက် ၁၂:၂၀
ဘတ်စတီး*နိအလွန် ၃ရက်မြောက်၊ ဟုတ်တေ
၁၉၅၉မှာ၊ ဖိနပ်ပြောင်အောင်အတိုက်ခံဖို့ ငါ လားရေ
၄:၁၉ ထွက်တေ မီးရထားကနီ အီစသန်တန်မှာ
၇:၁၅မှာ ဆင်းရဖို့ ပြီးကေ ညစာစားပွဲကို ဒါရိုက်လားရဖို့ ဖြစ်လို့လေ
ငါ့ကို ကျွေးဖို့လူတိကိုတော့ခါ ငါမသိ

နီစထွက်နီရေ ပူပူစွတ်စွတ် လမ်းအတိုင်း ငါ လမ်းလျှောက်တေ
ဟမ်ဘာဂါတလုံးစား မော့တခွက်သောက်တေ ပြီးကေ
အရုပ်ဆိုးရေ “ကမ္ဘာသစ်စာပီ”** တစောင်ဝယ်ရေ
အခုတလော ဂါနာ***က ကဗျာဆရာတိ ဇာပျင်နီကတ်လေ သိရအောင်လို့

ငါ ဘဏ်ကို ဆက်လို့လားရေ
မိစ်စတေးဝါဂွင်က (သူ့ နာမည်က လင်ဒါလို့ ငါတခါ ကြားလိုက်မိရေ) သူ့တဘဝလုံးမှာ ငါ့ ဘဏ်လက်ကျန်စာရင်းကို အေတခါရာ မကြည့်ဖူး
ပြီးကေ ဂိုးလ်ဒန်းဂရင်ဖင်က
ဘွန်းနာ့ ဆွဲရေ ပုံတိပါရေ ဗာလိန်းစာအုပ်ချေကို ပတ်ဆီအတွက်ဝယ်ရေ
ရိချ်မွန် လာတီမိုး ဘာသာပြန်ရေ ဟီဆီယော့
မဟုတ်တာ့ ဘရန်ဒန်ဘီဟန် ပြဇာတ်အသစ်
မဟုတ်တာ့ ဂျနေး ရီးရေ လာဘယ်ဂွင် ဖြစ်ဖြစ် လက်စ် နီဂရေးစ် ဖြစ်ဖြစ် ဝယ်ဖို့ကြံသိရေ၊ယေလေ့ မဝယ်ဖြစ်၊
ဇာလုပ်လို့ဇာပျင်ရမေမသိပဲနန့် လက်တွိ အိပ်ရာဝင်ဖူးခဗျာလ်ဆိုခါ
ငါက ဗာလိန်းနန့် ငြိဗျာလ်လေ

ပြီးကေ မိုက်အတွက်ကျကေ ပါ့လိန်း အရက်ပုလင်းဆိုင်ကို အီးအီးသက်သာဝင်ပနာ ဆထရီဂါတပုလင်းတောင်းလိုက်တေ
ပြီးကေ ငါလာခရေ နီရာကို ပြန်လားရေ ၆ လမ်းကို
ပြီးကေ ဇိဖတ်သီယေတာက ဆလိပ်သည်ဘားကို
ဂိုလွာ့စ် တကာတွန့် နန့် ပီကာယွန့် တကာတွန့် ပြီးကေ နျူးယော့ပို့စ်တစောင် အမှုအမှတ်မဟိပဲနန့် မှာလိုက်တေ
ယင်းမှာ သူ့မျက်နှာ

အခု ငါ ချွေးတိအပြိုက်ပြိုက်ထွက်ပါလတ်တေ
ပြီးကေ ဖိုက်စပေါ့****က ချဘောင်သာတံခါးမှာမှီနီခစော်ကို အတွက်ခံမိရေ
ကီးဘုတ်နန့် မာလ်ဝေါ်ဒန်°နန့်တူတူ တေးခြင်းတပုဒ်ကို သူက တိုးတိုးချေ လိုက်ဆိုနီချိန်
အားလုံးသူ နန့်ငါ အသက်ယှူတန့်နီခကတ်တေ။

The Day Lady Died By Frank O’ Hara

  • Bastille Day ဂျလိုင် ၁၄ ပြင်သစ်အမျိုးသားနိ
    ** New World Writing မဂ္ဂဇိင်း
    *** Ghana နိုင်ငံ
    **** Five Spot Cafe နျူးယော့က ကဖေး ဂျက်ဇ်ဂီတ သမားတိစုလေ့ဟိရေနီရာ
    ° Mal Waldon ဂျက်ဇ် ဂီတသမား Bille Holiday ဆိုကေ သူက ပီယာနိုနီးရေ

တတိယပိုဒ်က နာမည်တိ စာအုပ်နာမည်တိပါရာ
Hesiod ဂရိရှိခေတ်ကဗျာဆရာ Richmond Lattimore က ဘာသာပြန်ခရေ
le balcon နန့် les negrais က ပြင်သစ်ပြဇာတ်ဆရာ Jean Genet ရီးခရေ ပြဇာတ်တိ
Brendan Behan က အိုင်းရိစ်ကဗျာနန့် ပြဇာတ်ဆရာ
Paul Verlaine က ပြင်သစ်ကဗျာဆရာ

PS အေကဗျာကိုဖတ်ဖို့ အေချင့်တိကို မသိလေ့ရပါရေ
ဇာစာအုပ် ဝယ်ရဖို့မသိဖြစ်နီရေ ဇာဆလိပ်ဝယ်ရဖို့မသိဖြစ်နီရေ
သူငယ်ချင်းတိအတွက် ဆိုင်တဆိုင်ကထိုဝယ်ရေ ဒေဝယ်ရေ ဆိုကေလေ့ ရတော့ခါ ရပါရေ
ယေလေ့ မောင်ဖြူအတွက် အောင်ကျော်ဆိုင်က ခေါက်ဆွဲဝယ်ရေ
မောင်နီအတွက် ဖြိုးစတိုးက ဒန်ဟီးတဗူးဝယ်ရေ ဆိုရေပိုင်မျိုးတော့ ရင်းနှီးမြင်သာမှု မဟိထင်ပါရေ
ဖရန့်ကဗျာတိမှာကါရေ နာမည်များကာက ယင်းအလုပ်ကို လုပ်ပီးရေ ထင်ပါရေ

ဖရန့်အိုဟာရာ ၁

နျူးယောက်ကဗျာကျောင်းNew York School of Poets ပထမမျိုးဆက်ဖြစ်တေ ဖရန့် အိုဟာရား Frank O'Haraကို ၁၉၂၆မှာမွီးရေ ၁၉၆၆ခု အသက်၄၀ ငယ်ငယ်ရွယ်ရွယ်မှာ အက်ဆီးဒင့်တခုနန့်သီရေ။အသက်ရှင်နီချိန်က စာအုပ်အများမထုတ်ဖူးခ။ သူသီပြီးခါမှာ သူ့ကဗျာပေါင်းချုပ် ထုတ်ကတ်တေအခါ သူအေလောက်အများကြီးရီးခစော် အံ့ဩဖို့ကောင်းရေလို့ပြောကတ်တေ။

"သူက ကားရီးကားရားအခြေအနေတိမှာလေ့ ကဗျာတိကို သွက်သွက်ရီးတတ်တေ။သူ့ ရုံးခန်းမှာ၊ထမင်းစားဖို့လားလမ်းမှာ၊လူအများ ယှုပ်ယှုက်ခပ်နီရေ အခန်းတခန်းထဲမှာလေ့ ရီးစော်ဗျာလ်။ပြီးကေ ဆွဲအံတိထဲမှာ၊ဂြုပ်ခွံတိထဲမှာ ထည့်ထားလိုက်တတ်တေ၊ တဝက်လောက်ကို မိလားတတ်တေ"လို့ သူ့သူငယ်ချင်း John Ashberyကပြောခရေ။ ယင်းပိုင်ရီးတတ်တေ အကျင့်ကြောင့်လေ့ ဝေဖန်ခံရစော်ဟိရေ။ Lana Turner had collapsedဆိုရေကဗျာကို မင်းသမီး Lana Turner သတိမိပနာလူးကျလားရေ သတင်းကို ဖယ်ရီသင်္ဘောထက်မှာ ကြားမိလို့ တခါထဲနန့် အပြီးရီးလိုက်မိရေဆိုလို့ ယင်းခေတ်က CPကဗျာဂုရု Robert Lowellဘားမှာ ခနဲ့ခံဖူးရေ ဆိုပါရေ။ သူ့ကို "ပန်းချီဆရာတိကြားက ကဗျာဆရာ"ဆိုပနာ ပြောကတ်တေ။

သူက နျူးယော့မော်ဒန်အနုပညာပြတိုက် The Museum of Modern Artsမှာ ပြတိုက်မှူး၊ပန်းချီဆရာတိနန့် အလုပ်သဘောအရပါ ပုဂ္ဂိုလ်ရေးအရပါ ထွီးလားလုံးလား။ပန်းချီဆရာတိ အကြောင်းကို ကဗျာဖွဲ့ခစော်တိအင်တန်ဟိရေ။ဂီတ ဘိုင်စကုပ်လောကနန့်လေ့ ရင်းနှီးကျွမ်းဝင်ဟိခရေ။ဆိုရှယ်ကောင်းရေ သူ့စရိုက်ကြောင့် နျူးယောက်အနုပညာ အသိုင်းအဝိုင်းကြားမှာ လူချစ်လူခင်အင်တန်ပေါရေလို့ဆိုပါရေ။ယေနန့် အစပိုင်းမှာ ချစ်ဖို့ကောင်းရေ အငယ်တန်း ကဗျာဆရာချေ Charming Minor Poetလို့ရာ ဝေဖန်ရေးသမားတိက ပြောခကတ်တေဆိုပါရေ။ နောက်မှ အသိုင်းအဝိုင်းရင်းနှီးကျွမ်းဝင်ရာတိကို ဖွဲ့ရေ ကဗျာအတတ် Poetics of Coterieဆိုပနာ ပြန်လေ့လာလာကတ်တေ။အများဆိုင်နန့် ပုဂ္ဂလိက ကြားက ကဗျာ့စည်းကို ကျော်ခရေလို့ ဆိုကတ်တေ။ ၂၀၁၄မှာ lunch poemsကဗျာစာအုပ်ကို နှစ်၅၀ပြည့် အထိမ်းအမှတ်အဖြစ် ပြန်ထုတ်တေအခါ က တကျော့ပြန် ခေတ်စားပါလတ်တေဆိုပါရေ။

“ငါ ထိုချင့်လုပ်တေ အေချင့်လုပ်တေ I do this I do that’ ဆိုရေ စတိုင်က ခုခေတ် ဖေ့ဘုတ်ရို့ တံိတာရို့မှာ တင်နီကတ်တေ စတပ်တပ် အရီးအသားတိနန့် အံဝင်ဂွင်ကျကျရေလို့ဆိုကတ်တေ။၂၁ရာစုအတွက် ရီးခရေ ၁၉၆၄က ကဗျာတိဆိုပနာပြောကတ်တေ။


သူ့ကို အဓိက လွှမ်းမိုးစော်က AEပန်းချီ၊ပြင်သစ်ဆူရီယယ်ကဗျာဆရာတိ(esp Pierre Reverdy)နန့် ရာသျှာက မာယာကော့စကီရို့ ဘောရိစ် ပတ်စတာညက်ရို့ လို့ဆိုကတ်ပါရေ။
သူ့ကဗျာဆကေ ဖတ်ကြည့်ကတ်ပါမေ။

ေအနိ

အိုးဘာလေး!သားပိုက်ကောင်တိ၊ဆီးကွန့်ခပ်ချေတိ၊ချော့ကလိတ်ဆိုဒါတိ!
နင်ရို့က အဂင့်ဂင့်လှကတ်စော်မျိုး! ပုလဲတိ
ဘာဂျာတိ၊ ဂျယ်လီသကြားလုံးတိ၊အတ်စပရိန်ဆပြတိ!
သူရို့ ရက်ပြတ်ပြောနီကတ်စော်တိ အားလုံးက
ကဗျာတပုဒ်ကို အံ့အားသင့်စရာ ဖြစ်အောင်ပျင်ကတ်တုန်း။
အေချင့်တိက ငါရို့နန့်တူတူ နိတိုင်းဟိနီကတ်စော်၊
ကမ်းဦးခြီကုပ်နန့် ခတ်မှာတောင် ဟိနီကတ်စော်။
သူရို့မှာ အဓိပ္ပါယ်ဟိကို ဟိရေ။
သူရို့က ကျောက်စိုင်တိပိုင် ခိုင်မာရေ။

Today by Frank O’Hara

ကဗျာပါ အကြောင်းအရာက မြင်သာပါရေ။ဖရန့်ယုံကြည်ချက်အတိုင်း သာမန်ချေတိ၊နိစ္စဓူဝကိစ္စတိမှာလေ့ ကဗျာတပုဒ်ကို အံ့အားသင့်စရာဖြစ်အောင်လုပ်နိုင်စွမ်းအကြောင်း။ကိုယ့်အနားအပါးက ကိစ္စတိမှာလေ့ ရှာကြည့်ကေ အလှနန့် စိတ်လှုပ်ကစပ်ဖို့ ကောင်းစော်တိကို တွိနိုင်ကြောင်းဆိုစော်ချေတိပါရာ။ High Modernistတိ၏အနောက်တိုင်းယိုင်ကျေးမှုကြီးက ပျက်သုဥ်းနီဗျာလ်ဆိုစော်ရေ Themeမျိုးကြီးတိ၊ ဂန္ထဝင်အကိုးအကားတိနန့် ခမ်းနားအောင်ဖွဲ့ဆိုမှုတိကို ကျော်ထွက်လာရေ ကဗျာတိထဲက တပုဒ်ဆိုရပါဖို့။ Beachheadကို ကမ်းဦးခြီကုပ်လို့ ယာယီပြန်ထားလိုက်ပါရေ။ကမ်းတက်တပ်တခုက ပထမဆုံး ခြီကုပ်ချနိုင်ရေနီရာ။