ေဝါေလ့ စတီဗန်စ် ၁

ဆယ်ချက်တီး၏ စိတ်ပျက်ခြင်း

ညဉ့်ဝတ်အင်္ကျီဖြူတိ
ခြောက်လှန့်ကျက်စားနီရေ အိမ်တိ။
(ယင်းအင်္ကျီ)တလုံးလေ့သင့် အစိမ်းရောင်မဟုတ်၊
အစိမ်းကွင်းတိနန့် ခရမ်းရောင်လေ့မဟုတ်၊
အဝါကွင်းတိနန့် အစိမ်းရောင်လေ့မဟုတ်၊
အပြာကွင်းတိနန့် အဝါရောင်လေ့မဟုတ်။
ယင်းအထဲက တလုံးလေ့သင့်
ဇာခြီစွပ်တိ
အသီးချေတိပါရေ ခါးပတ်တိနန့် ထူးဆန်းမနီ။
ဘာဘွန်းမျောက်ဝံတိ နန့် မြီကပ်ပန်းပြာတိကို
လူတိက အိမ်မက် မက်လီကတ်ဖို့မဟုတ်။
ထိုနားဒေနားမှာ အယစ်ရေဖတ် ဘုတ်ဖိနပ်မချွတ်ပဲအိပ်နီရေ
သင်္ဘောသား ဝါကြီးတလုံးရာ
မိုးလီဝါသအနီမှာ
ကျားလိုက်ဖမ်းနီလီယင့်။

ဝေါလေ့ စတီဗန်စ်
Disillusionment of Ten O’ Clock by Wallace Stevens

Wallace Stevens က အမေရိကန်မော်ဒန်နိစ် ကဗျာဆရာတယောက်။ အေကဗျာက သူ့ကဗျာအတိုတိထဲမှာ လူသိအများဆုံးထဲတိက တပုဒ်လို့ဆိုပါရေ။၁၉၁၅ ခုကပင်ပုံနှိပ်ခစော်ဆိုပါရေ။မော်ဒန်နိစ်ခေတ်ဦး။

ကဗျာဆိုစော် ယှင်းပြနီကေ စာဖတ်သားအဖို့ ပျင်းဖို့ကောင်းရေလို့ ဘာသာပြန်ရေလူက ရိုးရိုးသားသားယုံပါရေ။

ယကေလေ့ ဆကေ ပြောရကေ ကဗျာထဲက အငြင်း (မဟုတ်ဝါကျတိ)ကို သတိထားမိကေ

ညဥ့်ဝတ်အင်္ကျီအဖြူတိ၏ တသမတ်ထဲ သဘော၊ ကွန့်မြူးစော်မပါစော်သဘောနန့် ကဗျာပါ အရာ အရောင်တိကို ယှဥ်ကြည့်မိကေ

သမားရို့ကျ လူ့အဖွဲအစည်းတခုမှာ ခွီးသွားစိပ်တခုပိုင် နီထိုင်ကတ်(ရ) ပနာ သဘာဝအလှတရားတိကိုပင် အိမ်မက် မမက်ဖြစ်တေလူတိနန့် အိမ်မက်ထဲမှာ ကျားဖမ်းနီခွင့်ရနီသိရေ ဘုတ်ဖိနပ်ပင်မချွတ်ပဲအိပ်နီရေဝါကြီးနန့် ယှဥ်ကြည့်မိကေ အေကဗျာကို ချဥ်းကပ်လို့ ရနိုင်ရေထင်ပါရေ။

Melting Clocks by Salvador Dali

ချားလ်စ် ဘန်းစတိန်း

Ballet Russe

လူတိုင်းမှာ ခံစားချက်ဟိရေ။
အေချင့်က အားလုံးတူတူဗျာလ်။
ငါ ခရီးလားဖို့။
ငါ သဘာဝတရားကို ချစ်တေ။
ငါ လှုပ်ယှားနီစော်နန့် ကစော်ကို ချစ်တေ။
ငါ ဘုရားသခင်ကို နားမလည်ခ။
ငါ အမှားတိ လုပ်ခမိရေ။
အကုသိုလ်တိက ကြောက်ဖို့ကောင်းရေ။
ငါ ခံစားခရရေ။
ငါ့ အိမ်သျှင်မက ကြောက်တေ။
စတော့အိတ်ချိန်းက သီမင်း။
ငါ ဆီးဝါးအားလုံးကို ဆန့်ကျင်ရေ။
ငါ့ မာလာခွံအရီပြားက သန်ရေ မာရေ။
ငါ အေချင့်ကို ချစ်တေ လိုအပ်တေအချိန်မှာ။
အေချင့်က ချစ်ဖို့ကောင်းရေ မောင်းအားတခု။
အကိုင်းတကိုင်းစော် အမြစ်တမြစ်မဟုတ်။
လက်ရီးလက်သားက ချစ်ဖို့ကောင်းစော်တခု။
ငါ ဇာဘုရင်တိနန့် အရီစတိုကရတ်တိကို ကြိုက်တေ။
လေယာဉ်ပျံတစင်းက အသုံး၀င်ရေ။
ဆင်းရဲသားတိကို အမြဲတမ်းကူညီသင့်ရေ။
ငါ့အိမ်သျှင်မက ငါ့ကို ဇူးရိချ်ကိုလားစီချင်ရေ။
နိုင်ငံရေးတိက သီမင်း။
လူငယ်ချေတိအားလုံး ရူးရူးနှမ်းနှမ်းတိလုပ်ကတ်တေ။
စပိန်တိက စိတ်ပျက်ဖို့ကောင်းရေလူမျိုး သူရို့က နွားတိကို သတ်ကတ်လို့။
ငါ့အိမ်သျှင်မ အများကြီးခံစားခရရေ သူ့အမိသည်ကြောင့်။
ငါ အမှန်တရားအားလုံးကို ပြောပြဖို့။
ငါ ရာသျှားကို ချစ်တေ။
ငါက ဆိုးရေ။
ငါ လန့်ရေ အပိတ်ခံရဖို့ နန့် အလုပ်ပြုတ်ဖို့ကို။
စိတ်ပရိဒေဝက ကောင်းကောင်း ကြောက်ဖို့ကောင်းရေ ကိစ္စ။
ကောင်းကောင်း စိတ်လှုပ်ယှားလွယ်ရေ လူတယောက်ပိုင် ငါ အကွန်ဆောင်ရေ။

Charles Bernstein

ဂျွင် ဘယ်ရီမန် ၁

အိမ်မက်တေးခြင်း ၃၈၅

ကျနော့ သမီးက ပိုလို့လီးရေ။ပေါ့ရေ အရွက်တိက ပျံနီကတ်တေ။
နီရာတိုင်းမှာ ဧရာမပမာဏနန့် ကြက်ဆင်တိ သီနီလီကတ်ဖို့။
ပြီးကေ အရာငှက်တိ၊သူရို့ အတောင်ပံတိအားလုံး။
သူရို့ တခါလေ့ ကောင်းကောင်းမပျံခကတ်။ သူရို့ ပျံချင်ခကတ်ယင့်လား။
ကျနော် သိသင့်ရေ။အဝီးတနီရာရာမှာ တခါက အေပိုင်စော်တိကို ကျနော်သိခပါရေ။

မဟုတ်တာ့ ရပ်ဖ်ဟော့ဆန်က ယင်းခါက သိခရေ မဟုတ်တာ့ (ခုထိ)သိရေ။
ယင်းတိုင်သျှင် သီဗျာလ်၊ အဲလိယော့ ချီးမွမ်းခရေလူ။ ကျနော်ချီးမွမ်းစော်က
နောက်ကလိုက်စော်ပါရာ ကောင်းနောက်ကျပြီးမှလေ့ စီးလာစော်ပါရာ။

ရွက်ကြွီရာသီက ဆွေးကောင်းထမန့် တချက်ချေ။ မျက်လုံးတိနောက်က မျက်ရည်တိ
ကြွီကျမတတ်။ ရွက်ကြွီရာသီက ဆုလဒ်တခုပိုင် ကျနော်ဘား ရောက်လတ်စော်
ကျနော်ရို့ ကြမ္မာဘားကို (လားဖို့)ကျနော်ရို့ကိုနိုးဆော်ဖို့အတွက်။

ကျနော့်အိမ်က ပျိုင်စီပျိုင်ထောင်၊ အလှပလှ ပျင်ထားစော်
ငါရို့ပိုင်မဟုတ်။ ကျနော့အိမ်က ဟန်နရီထက်အိုဗျာလ်
ဆိုစော်က အင်တန် အိုဗျာလ်
ကိစ္စတိနန့် ဝိဉာဉ်ကြားမှာ ကြားမြီ ဟိခကေ ဖြစ်ဖြစ်
အာကာက ပင်လယ်နန့် ပိုလို့ ဆင်ခကေ ဖြစ်ဖြစ်
ကျနော့်သမီးကို
ကျနော် ဟောက်လီရဖို့မဟုတ်။

Dream Song 385 by John Berryman

Dream Songs sequence က ဂျွင်ဘယ်ရီမန် မာစတာပိစ် လို့ ဆိုကတ်တေ ၃၈၅ က ယင်းထဲက နောက်ဆုံးကဗျာ
အေကဗျာကို ကြက်ဆင်သားစားကတ်တေ Thanksgiving day ကျခါနီးမှာ ရီးစော်ဆိုပါရေ
Ralph Hodgson က အင်္ဂလိပ်ကဗျာဆရာတယောက်။ T S Eliotက သူ့ကဗျာ Five Fingers ထဲက လေးပုဒ်မြောက် Lines to Ralph Hodgson ကို “မစ္စတာ ဟော့ဆန်ကို တွိရစော် ဇာပိုင်ခြီဖို့ကောင်းလေ၊အားလုံးသူက သူ့ကို သိချင်ကတ်တေ”လို့ စထားရေ ဆိုပါရေ။

တဒ် ဘယ်ရီဂန် ၉

Ted Berrigan

ဒေနိ အန်း အာဘာမှာ

ဒေနိ ငါ နိုးလာခရေ
ကြိုင်လို့လင်းလို့ စောစောစီးစီး
ပြီးကေ ငါ ပြန်အိပ်လားခရေ
အိမ်မက်အကောင်းတခု မက်တေ
(ယင်းအိမ်မက်က) ငါ့ကို အားနည်းအောင်ပျင်ပစ်ခရေ
ယေနန့် ငါ အရာ ပြန်နိုးပါလတ်တေ

ထုံထုံထိုင်းထိုင်း ယေလေ့ စောနီတုန်းသိ

ငါ ကုတ်ဆကေသောက်
ဆီးတလုံးသောက်တေ
နီမကောင်းပိုင်တွိရေ ယေလေ့
အကောင်းမြင်စိတ်ဝင်နီ ယေနန့်
ဆီကလိပ်ဝယ်ဖို့ မီချီဂန်ယူနီယံကို ငါလားခရေ

ဒေနိ ငါ ချတ်တစောင်ကို ဖေ့သာထုတ်ခရေ
ယေလေ့ ယင်းချင့်က နောက်မှ
ဆီကလိပ်တိနန့်
ဒီးထရွိုက်ဖရီးပရပ်စ် ငါ ဝယ်ခရေ


ငါ့ စာရီးခုံမှာ
ဗနီလာဝေဖာစားဖို့
ကော်ဖီဆကေသောက်ဖို့ ငါ ဆုံးဖြတ်ခရေ

ခရိန်မဟိ
ကော်ဖီအတွက် ပြီးကေ စာတိလေ့
မလာသိ

ငါ လဟုန်တီးလားရေ

ကော်ဖီဆကေ သောက်ခရေ ဘလတ်
ဆိုးရွားရေ

ဘဝက ဆိုးရွားရေ ပြီးကေ
ငါက တုံးရေ
ငါ စဥ်းစားရေ တခုလေ့မဟုတ်
ပြီးကေ ငါ စဥ်းစားရေ၊အရာ ကော်ဖီ
အထက်ထပ်မှာ


ဂျက်ကီမျက်နှာကြောင့်
ငါ စိတ်သက်သာရလားရေ

သူက ပြောရေ “အထက်ထပ်မှာ
ခရိန်ဟိရေ”
ဓါတ်လှကားနန့် အထက်ထပ်ကို တက်
ခရိန် ဘာ့
ဟင်းဘတ်ကို ဖော်ဖော်ရွေရွေချေ ပြော

အောက်ကို ဆင်းလာ
ပြီးကေ
စာတိ
ရောက်နီဗျာလ်

အများကြီး
စာတိ ငါ အင်တန် နီထိုင်ကောင်းလားရေ
ငါစာတိနန့် တူတူ ရုံးကို ပြန်လား
ထိုင်နီ

ဂျော်နီ စတန်တန်က ပြောရေ “တဒ်
မင်းက ငါ့ နှလုံးသားထဲက ဒဏ္ဍာရီ”

သူလေ့ ငါ့ နှလုံးသားထဲက ဒဏ္ဍာရီ

ယကေ ငါရို့ နှစ်ယောက်လုံးက ဒဏ္ဍာရီတိ

ဒေချင့် နန့် ကော်ဖီကြောင့် နွီးပနာ
ငါ ဆက်တေ အမေရိကန် အိပ်စပရတ်က
ပြောရေ
“မင်း ငါရို့ဘားမှာ ၁၉၀၆ဒေါ်လာ ဒါတောင်ကျနီရေ ကျေးဇူးပြုလို့
အခု ပီးပါ”

“အေးပါ” ငါပြောရေ
(အခု က နောက်ခါ လို့ အဓိပ္ပါယ်ထွက်တေ)

အရာတယောက်က ပို့စကပ်တစောင် ပို့ရေ(ဘီလ်)
သူက ပြောရေ “ယေးလ်မှာ မင်းတက်ဖို့လို့
ငါ ကြော်ငြာနီဗျာလ် ယေနန့် ကျေးဇူးပြုလို့ချက်လာ”

ငါကပြောရေ “ယုံကြည်ချက်ထားပါ ဂိုးကြီး
မင်း ငါ့ကို လိုရေ အချိန်မှာ ငါ ဟိနီဖို့စော်ရာ”

အမှန်က ယင်းချင့်ကို ငါ လူတိုင်းကိုပြောရေ
ယင်းချင့်က အမှန်တရားရာ
ယပိုင်

စာအလှပချေတစောင်ကို ငါဖောက်ခရေ
နင့်ဘားက ငါရို့နှစ်ယောက်လုံး သီလားခခါ
ဒေစာက
ဒေကဗျာ
ဒုတိယပိုင်းဖြစ်လာဖို့

ယေလေ့ အခု ငါရို့နှစ်ယောက်လုံးက

ရှင်နီတုန်းသိ
တပျင်းမိုက်

Today in Ann Arbor Ted Berrigan

ဂျိမ်းစ် စခိုင်လာ ၁

James Schuyler

နာပိုင်မတွိ

နားကို စောင်မပါ ဒေါင်တာ
တက်ထြာဆိုင်ကလိန်နန့်
နာမည်မပါရေ နားထည့်
ဆီး။တရက်ကို
သုံးစက်စီ သုံးခါ။
ဒုတိယရိပ်သာလမ်း°အတိုင်း
ဘာ့စကာတစီးစားချလာ
ငါက ယင်းချင့်ကို နှစ်သံသုံးသံကြား။
ညကညဥ့် ဂျိုး`နန့်
ဒပ်ဖ်ဆိုင်´မှာ စားကတ်ခါ
ငါ့ခေါင်းကို တဘက်စောင်းထားရရေ၊
ငါ့ ညာဘက်နားကို
သူ့စကားသံတိုးတိုးဘားကို ချိန်လို့။
စားပွဲထိုးက ကော်ဖီယူလာခါ
အန်နီဆက်* ပါလာလတ်။
ငါက မကြား
သူက ဘယ်ဘက်မှာကို
ယင်းဘက်နားက ပိတ်နီ နာနီစော်ကို။
နာစော်၊ နာစော်နန့်တူစော် တခုလေ့မဟိ
မင်းက ထရံထက်ကိုတက်တေ
ထရံက ပြန်ဆင်းလတ်တေ
အိပ်ရာထဲဝင် စာဖတ်ဖို့ကြိုးစားရေ။
“အေဆီးတိက အချိန်ယူရဖို့
ထင်ပါရေ”။ နားဆီး အရာထည့်ရဖို့
အရာဆီးတလုံးသောက်ရဖို့ အချိန်ကျဗျာလ်လာ။
တခုပိုင်လေ့မဟုတ်။
သဘာဝအတိုင်း နှစ်နှစ်ခြိုက်ခြိုက်
ငါ အရာတခါအိပ်ရပါဖို့သိလား။
မိုးထ ၅နာရီ။ကော်ဖီက တစက်စီကျနီ။
စောစောမှိုင်းမှိုင်း ကားလားကားလာ
ငါကို စိတ်ခြူအောင်စီပျင်ခစော်
ခုက ဒြီဂို ကဖို့စော်ကိုကြိုပိုင်
ကြိုနီရယင့်။မိုးထသား
တဟွတ်ဟွတ်နန့် ခြောင်းခြောက်ဆိုးနီဗျာလ်။
အေ အအိပ်မရောက်ညဥ့်တိမှာ
သောက်ခရေ ဆီကလိပ်တိကြောင့်။
အေးလေ တယောက်လေ့
ဥသုံပြည့်စုံစော်ကမဟုတ်။ငါ နာပိုင်မတွိ။

Feeling No Pain James Schuyler

° Second Avenue
` Joe
´ Duff’s

  • Anisette

Schuyler က New York School ထဲကတယောက်

ရွင် ပတ်ဂျတ် ၁၁

ငှက်ပြာ

မင်းမျှော်လင့်နီလို့မရ
မင်း လေးနှစ်သားခါ
ကြည့်ခရေ
အပုံချေစာအုပ်က
ငှက်ပြာချေက
မင်းအိမ်ကို
နို့ပို့လာဖို့လို့။
သူက ကောင်း အိုလားခဗျာလ်
အခု၊သူ့အတောင်ပံအောက်မှာ
ယင်းပုလင်းတိကို မသယ်နိုင်ဗျာလ်။
သူ့ကိုဖန်တီးခရေ
လန့်ကောင်းထမန့် ဘုရားဘားကို
ငိုသံတသံပွင့်ထွက်လာဖို့
တညဉ့်တလီ ဖွင့်တတ်တေ
သူ့အရောင်မှိန် နှုတ်သီးနန့်
တေးသွားတပုဒ်ကိုပင် သယ်လာဖို့ အနိုင်နိုင်။

ငါက ယင်းငှက်ပြာလို့မထင်ကေ့
မင်းလေ့ ယင်းငှက်ပြာလို့မထင်ကေ့။
သူ့ကို သူဖာသာသူအိုလီပါပတ်စီ၊
အရောင်ဖြာဖြာနန့်
ခေါင်းကို မင်းဘက်လှည့်လို့
စာအုပ်တအုပ်ထဲက
အကိုင်းတကိုင်းထက်မှာနားနီရေ
ငှက်ပြာအစစ်တကောင်ပိုင်
သီလီပါပတ်စီ။

Bluebird Ron Padgett

RP ရို့ Ted Berriganရို့က New York School ဒုတိယမျိုးဆက်

ကဲနတ် ကို့ခ် ၁ ၂

Kenneth Koch

နံပါတ်ရို့၏ ပဉ္စလက်

နံပါတ်ရို့၏ ပဉ္စလက် ၁

အထက်ခန်းမှာ ပရိဘောဂတိ ရွိနီကတ်စော်ကို ကြားရစော် ဇာပိုင်ထူးဆန်းလေချင့်။
ငါက နှစ်ဆယ့်ခြောက်နှစ် နင်က နှစ်ဆယ့်နှစ်။

နံပါတ်ရို့၏ ပဉ္စလက် ၂

ငါ့ကို ပြီးချင်လာဆိုပနာ နင်ကမီးရေ၊ငါက ငြင်းပနာ လမ်းဆက်လျှောက်တေ။
ငါက ဆယ့်ကိုးနှစ် နင်က ခုနစ်နှစ်။

နံပါတ်ရို့၏ ပဉ္စလက် ၃

ဟုတ်တေ၊ယေလေ့ X က ငါရို့ကို အဂင့်ကြိုက်ယင့်လား။
ငါရို့နှစ်ယောက်စလုံး နှစ်ဆယ့်ခုနစ်နှစ်။

နံပါတ်ရို့၏ ပဉ္စလက် ၄

နင်က ဂျယ်ရီလူးဝိစ်နန့်တူရေ (၁၉၅၀)

နံပတ်ရို့၏ ပဉ္စလက် ၅

အဘိုးသျှင်နန့် အဘောင်သျှင်က နင့်ကို သူရို့အိမ်ကို ညစာစားဖို့ ပြောင်းလာစီချင်ရေ။

သူရို့က ခြောက်ဆယ့်ကိုးနှစ် ငါက နှစ်နှစ်ခွဲ။

နံပါတ်ရို့၏ ပဉ္စလက် ၆

တရက်သား၊ငါ အသက်နှစ်ဆယ့်ကိုးနှစ်ခါ နင့်ကိုတွိခရေ၊ပြီးကေ တခုလေ့သင့်ခါမဖြစ်ခ။

နံပါတ်ရို့၏ ပဉ္စလက် ၇

မဟုတ်၊အဂင့်ဂင့်၊လိုင်ဘရီထဲကို လာခစော်က ငါမဟုတ်။
မျက်လုံးအညို၊သွီးဖြာနီရေပါး၊ဆံပင်အညို။
ငါက နှစ်ဆယ့်ကိုးနှစ် နင်က ဆယ့်ခြောက်နှစ်။

နံပါတ်ရို့၏ ပဉ္စလက် ၈

တညဉ့်သား ရော့ပေါ့Rockpotမှာ ငါရို့ အချစ်လူးပြီးကတ်ခါ ငါက အပြင်ကိုထွက်လားပနာ လမ်းကိုနမ်းမိရေ ငါ အကြီးအကျယ်စိတ်လှုပ်ယှားမိခပိုင်တွိရေ။
ငါက နှစ်ဆယ့်သုံးနှစ် နင်က ဆယ့်ကိုးနှစ်။

နံပါတ်ရို့၏ ပဉ္စလက် ၉

ငါက နှစ်ဆယ့်ကိုးနှစ် နင်လေ့သင့်ဗျာလ်။
အရူးအမူးချစ်ခကတ်ချိန်။
ငါ ဖတ်သမျှက နင်နန့်ငါ့အကြောင်းဝထုဖြစ်လားခရေ။
ငါလုပ်ခသမျှကလေ့ ကဗျာတပုဒ်ဖြစ်လားခရေ။

TheMagicOfNumbers KennethKoch

ဝီလျံ ကားလို့စ် ဝီလျံစ် ရီးရေ သိင်းတခုမှာ မျိုးကွဲတိ

လာဖို့ နွီရာသီမှာ နီဖို့အတွက် နင်ထိန်းသိမ်းနီရေ အိမ်ကို
ငါ ခွတ်ချပလိုက်ဗျာလ်။
ဆော်ရီပါဝေ။ အချိန်ကလေ့ မိုးထသား၊ငါမှာကလေ့ လုပ်ဖို့တခုလေ့ မဟိ၊ ယင်းအိမ်သစ်သားထုတ်တန်းတိကလေ့ ငါ့ကို သွီးဆောင်နီခစော်ကို။

ဟော်လီဟော့ပန်းတိကို ကြည့်ပနာ ငါရို့တူတူ ရယ်ခကတ်တေနန်း။
ပြီးကေ ငါ ယင်းအပင်တိကို ဂျီးချွတ်ဆီးနန့် ဖြန်းပစ်လိုက်မိရေ။
ငါ့ ခွင့်လွတ်ပါဝေ။ငါ ဇာလုပ်နီခမှန်း ငါ ရိုးရိုးချေ မသိစော်ပါရာ။

လာဖို့ဆယ်နှစ် နီနိုင်ဖို့အတွက် နင်စုနီခရေ ဖေ့သာတိကို ငါပီးပလိုက်ဗျာလ်။
ယင်းဖေ့သာကို တောင်းခရေလူက အနုပ်အစုပ်ပါ၊
ပြီးကေ ဆင်ဝင်အောက်က မတ်လလီပြင်းကလေ့ ကောင်း အရည်ရွှမ်းပနာ အီးနီခစော်ကို။

ညက ညဇာသား ငါရို့ ကဖို့လားကတ်တေအခါ ငါ နင့်ခြီထောက်ကို ချိုးမိခရေနန်း။
ငါ့ ခွင့်လွတ်ပါဝေ။ ငါက နမော်နမဲ့နန့် ပါရာ
ပြီးကေ ငါက နင့်ကို ဝါ့ဒ်ထဲမှာ ဟိစီချင်ရေ၊ယေမှာ ငါက ဒက်တင်ကို။

Variations on A Theme by William Carlos Williams By Kenneth Koch

ရွင် ပတ်ဂျတ် ၁၀

Ron Padgett

ဘော့ခရီလေ* ဖောက်ထွက်

အေနိ အဆင်ပြေနီရေ
ငါဆိုချင်စော်က လက်ချောင်းတိက စာရိုက်နီရေ
ပြီးကေ မျက်နှာက ပြုံးနီရေ
ပြီးကေ ဝင်လီ ထွက်လီမှန်နီရေ

ပထမဆုံးအနီနန့် သူ့အင်္ကျီကို ချွတ်လိုက်တေ
ချိန်းတွိနီရေ မိန်းမကောင်းချေတယောက်ပိုင်၊
ယေလေ့ မင်းနှလုံးသားက

အပြင်းအထန်ခုန်နီလို့ မင်း
တခုကိုလေ့
အဂင့်ဂင့် မမြင်နိုင်
စိတ်ကူးထဲက
ရောဘတ်
ခရီလေ ပုံရိပ်တခုကလွဲလိူ့လေ

ဘော့ အဝီးချက်လားပါဝေ
ယေမှ ဒေမချေကို ငါမြင်ရဖို့ ပြီးကေ
ငါလုပ်ရဖို့ ဇာချင့်ကို မဆို ငါ လုပ်နိုင်ဖို့
မင်း လိုင်းအတန့်တိက
ယင်းချင့်ကို မဖြစ်နိုင်အောင် ပျင်နီရေဝေး

Bob Creeley Breakthrough Ron Padgett

  • Black Mountain Poetsတိထဲက တယောက်

ရွင် ပတ်ဂျတ် ကဗျာ ၆ ၇ ၈ ၉

အရာတခု

အချေခါ
သင်ခရေ
ဒိုင်မေးယှန်းက သုံးခုဟိရေ၊
အမြင့် အကျယ် အနက်။
ဖိနပ်ဗူး တဗူးပိုင်။
ပြီးကေ နောက်ခါ ကြားမိရေ
စတုတ္ထ ဒိုင်မေးယှန်းဟိသိရေ၊
အချိန်။
ပြီးကေ တချို့က ပြောကတ်တေ
ငါးခု ခြောက်ခု ခုနှစ်ခု … ဟိနိုင်ရေ

ငါ အလုပ်ကို ခေါက်လိုက်တေ၊
ဘီယာတလုံး နှက်တေ
ဘားမှာ။
ငါ ဖန်ခွက်ကို ငုံ့ကြည့်ရေ
ပျော်ပိုင်တွိယင့်။

Another One by Ron Padgett

ရီဗာဒီ*နောက်ကို လိုက်လို့

ဝမ်းနည်းနီရေ နင့်မျက်နှာကို ငါ တခါလေ့ ပြန်မမြင်ချင်လီခ
နင့်ပါးတိ နင့် လီထနီရေ ဆံပင်
ဒေ ဘဘုတ်ထထိုင်း သစ်တောက်ငှက်အောက်က
တတိုင်းပြည်လုံးကို ငါဖြတ်လို့လားခရေ
နိပါ ညဥ့်ပါ
နီအောက် မိုးအောက်

ခု ငါရို့ အရာတခါ မျက်နှာချင်းဆိုင်
ငါ့မျက်နှာကို လူတိက ဇာပြောဖို့

တခါက အပင်တပင်မှာမှီပနာ ငါ မျှိုင်းနီခရေ
အကြာကြီး
ငါယင်းမှာ ငြိနီခရေ
ယပိုင်အချစ်မျိုးက ကြောက်ကောင်းထမန့်။

After Reverdy by Ron Padgett

*Pierre Reverdy A French Surrealist Poet

ထိုချင့်အတွက် ဒေချင့်

ငါ ဘရိတ်ဖက် ဇာစားရဖို့လဲဂု
ဇီးသီး ဆကေ စားချင်ရေ
ဝီလျံ* ကဗျာထဲကစော်မျိုးတိ
ယင်းဇီးသီးတိကို စားမိခလို့
သူက သူ့အိမ်သျှင်မကို တောင်းပန်ခရေ
သူမလုပ်ခစော်က
သူ့ကဗျာကို ဖတ်ဖြစ်မိပနာ
ယင်းဇီးသီးတိကိုစားဖို့လေ့ မဖြစ်နိုင်ခရေလူတိကို တောင်းပန်စော်ဗျာလ်
ဝမ်းဆာမနီရေ အချိန်မှာ
ယင်းကဗျာကို ငါကြိုက်စော် ယေဇူးနန့်
အခုလက်ငြင်းဖို့အတွက်ခါ
သူကိုလေ့ ငါမကြိုက် သူ့ကဗျာကိုလေ့ ငါမကြိုက်
အေချင့်က ယင်းချင့်ကို ပြောစော်ဆီရာ

This for that Ron Padgett
*William Carlos Williamsရီးရေ This is just to sayကဗျာကို ညွှန်းပါရေ

ညဥ့်ဘက် ခုန်ရေ

“ညဥ့်ဘက်မှာ တရုတ်တိ ခုန်ရေ
ဗုံးခနဲနန့်ပင် အာသျှမှာ”

ဖရန့်အိုဟားရား*ကလွဲကေ
ယင်းချင့်ကို အသူရီးလီဖို့။
ပြီးကေ ဆက်လို့ပြောလီဖို့
အချစ်အကြောင်း၊ ကြက်သရေလို့ သူခေါ်စော် တခုခုအကြောင်းကို
ကောင်းပျော်ဖို့ကောင်းစော်နန့်စ
ပြီးကေ လျှို့ဝှက်ဆန်းကြယ်နန့် ကြက်သရေနန့် အဆုံးသတ်ဖို့
ငါရို့အားလုံး ကောင်းကံကောင်းလီရဖို့ကာ။

Night Jump by Ron Padgett

  • Frank O’ Hara another NYS poet

ဂျွင် အက်ရှ်ဘယ်ရီ ၁

John Ashbery

မျိုးနွယ်စုက ဟန့်ထားစော်ကို ဖောက်ဖျက်ပနာ သမုဒ္ဒရာ တဘက်ကမ်းကို စွန့်စားခန်းဖွင့်ခရေ မိုအားနား။

မကောင်းကြံရေ မိထွီးမကြောင့် ဒုက္ခကျခရကေလေ့ အချစ်စစ်နန့် ပြန်နိုးလာရေ စနိုးဝှိုက်။သူ့ကို ကူညီခရေ လူ အပုချေတိ။

မျှော်စင်ထိပ်အခန်းမှာ အပြင်လောကကို မြင်ခွင့်မရပဲနန့် အလှောင်ခံထားရရေ ဆံပင်ဖားလား ရှည်လျားနန့် ရပန်ဇယ်။

နောက် မေထွီးယေ နန့် အခြား အပျိုပေါက်ချေတိ။ဆရာမောင်ခိုင်အောင်ရီးရေ ပန်းသည်မချေ။

ဇာဖြစ်လို့ ဝထုတိ စာတိမှာ အေ အပျိုပေါက်မချေတိက အေလောက်နီရာယူထားရစော်လေ။
လောကကို မြင်ခွင့်တွိခွင့်ရဖို့ စိတ်အယင်လိုနီကတ်တေ မိန်းမချေတိ။ ရင့်ကျက်မှုသို့ လားရာ လမ်းမှာ မကြာစီကေ့လား။ စွန့်စားခန်းဖွင့်ရရေ အချိန်တိတိုပနာ ပန်းဖူးအယင်ရောက်ပါလီလာ။ပန်းဖူးက ဇာလေ။

အက်ရှ်ဘယ်ရီကဗျာ တပုဒ်မှာ အေချင့်တိပါ နီလာ။.

ကလေ့မေချေတယောက် စိတ်ကူးတိ

“အေပိုင် ကောင်းကောင်းလှနီရေ နိမှာ မင်းဘားကို ငါစာတစောင်ရီးရဖို့
မျှော်စင်ကနီ၊ ပြီးကေ ငါ မရူးဆိုစော်ကို ပြဖို့အတွက်။
လီသပုန်ခဲကို နင်းမိလို့ ငါချော်လဲခစော်ပါရာ
ကမ္ဘာရီချိုးဇလားထဲမှာ ငါ မြုပ်ပါလားခရေ။
ငါ့အတွက်နန့် နင် ကောင်းအများကြီးငိုနီဖို့က မတန်ပါဟေ။
အခု ငါ နင့်ကို လားခွင့်ပြုလိုက်ပါဗျာလ်။လက်မှတ်ထိုး၊အပုချေ။”

ညခင်းသားနောက်ကျပြီးခါမှ ငါ ဖြတ်လာခခါ
အပြုံးက နင့်နှုတ်ခမ်းတိနားမှာ ကစပ်နီတုန်း
ရာစုနှစ်ချီလို ဖြစ်ခရေနှုန်း။သူ ရက်ပြတ်သိခပါရေ
နှုန်းနှုန်း စိတ်ကြည်နူးလီအောင် ဇာပိုင်နီရဖို့လဲကို။အဝေ ငါ့သမီး
ငါ့ အချစ်အသည်း၊သီလားခရေ ငါ့အလုပ်သျှင်မှာသမီး၊ မင်းသမီး။
နင် လမ်းမှာ ကောင်းမကြာလီပါစီကေ့။

Thoughts of A Young A Girl by John Ashbery